မတူကွဲပြားသည့် အသိုင်းအဝိုင်းနှစ်ခုကြား သဟဇာတဖြစ်ရေးကို ကြိုးပမ်းဆောင်ရွက်နေဟု ရခိုင်နှင့် မွတ်ဆလင် လူငယ်များပြော

ကျောင်းသားအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုကြောင့် မတူကွဲပြားသည့် အသိုင်းအဝိုင်းနှစ်ခုကြားတွင် ဖြစ်ပျက်နေသောအရာများ၊ ပျက်ပယ်နေသော ဆက်ဆံရေးများကို ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်းပြောသည်

By Admin 25 Oct 2022

မတူကွဲပြားသည့် အသိုင်းအဝိုင်းနှစ်ခုကြား သဟဇာတဖြစ်ရေးကို ကြိုးပမ်းဆောင်ရွက်နေဟု ရခိုင်နှင့် မွတ်ဆလင် လူငယ်များပြော

မောင်တောမြိုတွင် နှစ်ဖက်အသိုင်းအဝိုင်းကြား ဈေးရောင်းဈေးဝယ်နေမှုကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂၅

ရခိုင်ပြည်အတွင်းက မတူကွဲပြားသည့် အသိုင်းအဝိုင်းနှစ်ခုကြား သဟဇာတရေးကို ရခိုင်နှင့် မွတ်ဆလင် ကျောင်းသားများ ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်နေကြောင်းပြောသည်။

ယခင်က ရခိုင်နှင့် မွတ်ဆလင်ကျောင်းသားများကြား ပူးပေါင်းလုပ်ဆောင်မှုမျိုး မရှိခဲ့သော်လည်း လက်ရှိတွင် ကောင်းမွန်သော ဆက်ဆံရေးများနှင့်အတူ ယုံကြည်မှုကိုလည်း တည်ဆောက်ထားနိုင်ပြီဖြစ်ကြောင်း ကျောင်းသားများက ပြောဆိုကြသည်။

ရခိုင်ပြည်အတွင်းမှာ နေထိုင်သူများသည် ဘာသာရေးကို အခြေမခံဘဲ အချင်းချင်း သဟဇာတဖြစ်ပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားမည်ဆိုသည့် ရည်ရွယ်ချက်နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဦးသန်းနိုင်ကပြောသည်။

“ကျွန်တော်တို့ အာရက္ခပြည်မှာရှိတဲ့ မြို ၊ခမီ၊ ဒိုင်းနက်၊သက် ၊ကမန်၊ မရာမာကြီးတွေ ပြီးတော့ မွတ်ဆလင်တွေ၊ နောက်ပြီးတော့ ရခိုင်ပြည်မှာနေကြတဲ့ မျိုးနွယ်စု ချင်းတွေ ဒါတွေအားလုံး အလုပ်လုပ်ဖို့လိုအပ်တယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ပြည်ဟာ စီးပွားရေးအရရော၊ လူမှုရေးအရရော အဖက်ဖက်က တိုးတက်မယ်လို့ ကျွန်တော်တို့ယူဆတယ်”ဟု ကိုဦးသန်းနိုင်ကပြောသည်။

လက်ရှိတွင် ရခိုင်နှင့် မွတ်ဆလင်ကျောင်းသားများ ပူးပေါင်းပြီး မွတ်ဆလင်ကျောင်းသားများ ပညာသင်ကြားရေးအပိုင်းမှာ အခွင့်အရေးများရရှိလာအောင် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ကျောင်းသားအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုကြောင့် မတူကွဲပြားသည့် အသိုင်းအဝိုင်းနှစ်ခုကြားတွင် ဖြစ်ပျက်နေသောအရာများ၊ ပျက်ပယ်နေသော ဆက်ဆံရေးများကို ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း မွတ်ဆလင်ကျောင်းသားများကပြောသည်။

မွတ်ဆလင်ကျောင်းသားများအနေဖြင့် လက်ရှိတွင် ပညာသင်ကြားခွင့်များ ရရှိလာကာ ကျောင်းသားအချင်းချင်းကြားတွင်လည်း ချစ်ခင်ရင်းနှီးမှုများ တိုးပွားနေသည်ဟု မွတ်ဆလင် ကျောင်းသားတစ်ဦးက ပြောသည်။

“အခုလောလောဆယ် ဖြစ်လာတာက ကျွန်တော်တို့ တက္ကသိုလ်တက်ခွင့်ရှိလာတာတွေ ဖြစ်တယ်ပေါ့နော်။ ကျွန်တော်တို့ ဆယ်နှစ်တိတိ ကျောင်းထဲကနေ နှင်ထုတ်ခံထားခဲ့ရတယ်။ ဒီအခြေအနေမှာဆိုရင် ကျောင်းတက်လို့ ရနေပြီပေါ့နော်။ ကျောင်းသားတွေ အချင်းချင်းလည်း ချစ်ခင်ရင်းနှီးမှုတွေ ပိုရလာခဲ့တယ်”ဟု မွတ်ဆလင် ကျောင်းသားတစ်ဦးက ဆိုသည်။

ယင်းအပြင် မွတ်ဆလင်လူမျိုးတို့၏ နေ့ကြီးရက်ကြီးပွဲများသို့ ရခိုင်ကျောင်းသားများက သွားရောက်ခြင်း၊ မွတ်ဆလင်ကျောင်းသားများအနေဖြင့်လည်း ဗုဒ္ဓဘာသာပွဲတော်များသို့ လာရောက်ကာ ကူညီဆောင်ရွက်မှုများ ရှိလာသလို လူသားချင်းစာနာထောက်ထားရေး အကူအညီပေးမှုတို့ကိုလည်း ပူးပေါင်းလုပ်ဆောင်လျက် ရှိကြောင်းလည်း ပြောဆိုကြသည်။

ဆက်လက်ပြီး အသိုင်းအဝိုင်းနှစ်ခုကြားမှာ အမုန်းတရားများ မပြန့်ပွားရေးနှင့် ယုံကြည်မှုခိုင်မာအောင် တည်ဆောက်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အတူပူးပေါင်း လုပ်ဆာင်သွားမည်ဖြစ်ကြောင်း ကျောင်းသားများကဆိုသည်။

ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်တစ်ဦးက “ကျွန်တော်တို့ အသိုင်းအဝိုင်းမှာက ပညာမဲ့တွေများတယ်။ အခု မျိုးဆက်သစ်လူငယ်တွေ ပညာသင်ကြားဖို့ အခွင့်အလမ်းတွေရှိလာမယ်ဆိုရင် လာမယ့်မျိုးဆက်တွေလည်း အများကြီးကောင်းတာပေါ့။ ပညာရှိရင် လူတွေလည်း အမြင်ကျယ်လာမှာဖြစ်တယ်။ အတွေးမြင်အမှားတွေလည်း ပြေပျောက်လာမယ်။ လူငယ်တွေ အခုလိုလုပ်ဆောင်နေကြတာ ကောင်းတယ်”ဟု ပြောသည်။

ရခိုင်ပြည်အတွင်း ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် မွတ်ဆလင်နှင့် ရခိုင်ကြားတွင် ဆက်ဆံရေးများ ပြတ်တောက်သွားခဲ့သည်။ မွတ်ဆလင်အနေဖြင့် မြို့၊ ရွာများသို့ သွားလာခွင့် ကန့်သတ်ခံခဲ့ရသည့်အတွက် ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များလည်း ဆုံးရှုံးခဲ့ကြသည်။

ရခိုင်ပြည်အတွင်းတွင် ရက္ခိုင့်တပ်တော်(ULA/AA)ကလည်း ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်နောက်ပိုင်း တိုက်ပွဲရပ်တန့်နေချိန်တွင် မွတ်ဆလင်နှင့် ရခိုင်အသိုင်းအဝိုင်းတို့ကြား သဟဇာဖြစ်ရေးကိစ္စများကို လုပ်ဆောင်ခဲ့သည်။

၂၀၁၇ ခုနှစ်က မောင်တောဖြစ်စဉ်အတွင်း မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် မွတ်ဆလင်ဦးရေ ၇ သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထွက်ပြေးခိုလှုံလျက်ရှိသည်။ အဆိုပါ မွတ်ဆလင်များကို ပြန်လည်လက်ခံရေးအတွက် NLD အစိုးရလက်ထက်တွင် စီစဉ်ဆောင်ရွက်ခဲ့ပြီး လက်ရှိ စစ်ကောင်စီကလည်း ပြန်လည်လက်ခံရေးကို စီစဉ်လျက်ရှိနေသည်။

ဗီဒီယိုများ