စစ်ကောင်စီ ပြုလုပ်သည့် ရခိုင်ပြည်နေ့ကို ပြည်သူစိတ်ဝင်စားမှုနည်း

စစ်ကောင်စီက ဦးဆောင်ပြုလုပ်ပေးသည့် ၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို စစ်တွေမြို့တွင် စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများသာ တက်ရောက်ကြပြီး ဒေသခံပြည်သူများ လာရောက်မှု နည်းပါးသည်ကို တွေ့ရကြောင်း သွားရောက်ခဲ့သူများက ပြောဆိုကြသည်။

By Admin 15 Dec 2022

စစ်ကောင်စီ ပြုလုပ်သည့် ရခိုင်ပြည်နေ့ကို ပြည်သူစိတ်ဝင်စားမှုနည်း

စစ်တွေမြို့ ဦးဥတ္တမပန်းခြံတွင် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ပြုလုပ်နေစဉ်

DMG | ဒီဇင်ဘာ ၁၅

စစ်ကောင်စီက ဦးဆောင်ပြုလုပ်ပေးသည့် ၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို စစ်တွေမြို့တွင် စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများသာ တက်ရောက်ကြပြီး ဒေသခံပြည်သူများ လာရောက်မှု နည်းပါးသည်ကို တွေ့ရကြောင်း သွားရောက်ခဲ့သူများက ပြောဆိုကြသည်။

စစ်တွေမြို့တွင် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို လုံခြုံရေးတင်းကျပ်စွာချထားပြီး ဒေသခံများ လာရောက်မှုမှာလည်း မရှိသလောက်နည်းပါးကြောင်း ပွဲတက်ရောက်ခဲ့သည့် စစ်တွေမြို့များထံမှ သိရသည်။

“အဲဒီပွဲကို သွားကြည့်တော့ ပန်းခြံထဲဝင်ဖို့အတွက် အဝင်ဝက လုံခြုံရေးတွေက စစ်တယ်။ ဘာလာလုပ် တာလဲပေါ့။ ရခိုင်ပြည်နယ်နေ့ပွဲကို လာတာပါဆိုတော့ ဒီအတိုင်းမရဘူး။ တံဆိပ်တစ်ခု အင်္ကျီမှာ နှိပ်လိုက်တယ်။ ပြီးတော့ လုံခြုံရေး ကဒ်ပြားတစ်ခုပေးတယ်။ ပြီးတော့ ဖုန်းကိုထားခဲ့ရမယ်ပြောတယ်။ အဲဒီတော့ ကျွန်တော်လည်း မဝင်ဘဲပြန်လာခဲ့တယ်။ ဒီနှစ် လူလည်း သိပ်မရှိဘူး။ လူတွေက လာကိုမလာကြတာ ” ဟု အမည်မဖော်လိုသည့် စစ်တွေမြို့သားတစ်ဦးက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် ရခိုင်ပြည်နယ်နေ့ကို စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံနှင့် ခိုင်သဇင်ပန်းခြံတို့တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားကို ပြည်ထောင်စုအဆင့် စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် အပါအဝင် ပြည်နယ်စစ်ကောင်စီဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံအချို့ တက်ရောက်ခဲ့ကြသည်။

ခိုင်သဇင်ပန်းခြံနှင့် ဦးဥတ္တမပန်းခြံအနီး လမ်းတလျောက်တွင် ရဲနှင့် စစ်ကောင်စီတပ်သား ၅၀ ခန့်မှာ လက်နက်ကိုယ်စီဖြင့် လုံခြုံရေးယူပေးနေကြသည်ကို DMG မှ တွေ့ရှိခဲ့ရသည်။

ထိုသို့ လုံခြုံရေးတင်းကျပ်မှုများကြောင့် လာရောက်သူနည်းပါးခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ကြသည်။

“ရခိုင်ပြည်နယ်နေ့မှာ ခြင်းပွဲတွေ ပါတယ်ဆိုလို့ လာခဲ့တာ။ အရင်နှစ်တွေကဆိုရင် လူတွေအများကြီးပဲ။ ဒီနှစ် ဌာနဆိုင်ရာတွေ အဲဒီလုံခြုံရေးတွေချည်းပဲဆိုတော့ ကျနော်တို့လည်း ပြန်လှည့်လာခဲ့တာ။ သူတို့(စစ်တပ်)ရှိရင် မသွားရဲဘူးလေ။ အထဲမှာ အဲဒီဌာနဆိုင်ရာကလွဲပြီး တခြားလူ မတွေ့ခဲ့ဘူး” ဟု စစ်တွေမြို့ အခမ်းအနားပွဲသို့ တက်ရောက်လာသူ ပုဏ္ဏားကျွန်းမြို့ခံ ဦးအောင်စံထွန်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ရခိုင်ပြည်နယ်နေ့အခမ်းနားကို အကျဉ်းချုပ် ကျင်းပခဲ့ရသော်လည်း ယင်းမတိုင်ခင် ကျင်းပခဲ့သည့် နှစ်များတွင် ရခိုင်ပြည်နယ်နေ့ကို လူပေါင်းရာနှင့်ချီပါဝင် ဆင်နွှဲခဲ့ကြသည်။

လက်ရှိတွင် ရခိုင်လူထုအနေဖြင့် အသိအမြင်များ ကျယ်ပြန့်လာသည့်အတွက် စစ်ကောင်စီမှကျင်းပသည့် ရခိုင်ပြည်နယ်နေ့ကို ဒေသခံများပူးပေါင်းပါဝင်မှု နည်းပါးခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဦးခိုင်ကောင်းစံက သုံးသပ်ပြောဆိုသည်။

“အဓိကတော့ ရခိုင်လူထုက နားမျက်စိတွေ ပွင့်လာကြပြီပေါ့။ အရင်တုန်းကဆိုတော့ ဘယ်အစိုးရလုပ်လုပ်ပေါ့ ကိုယ့်ပြည်နယ်နေ့ဆိုတဲ့ ခံစားမှုမျိုးနဲ့ သွားကြတယ်ပေါ့လေ။ အခု နောက်ပိုင်းတော့ ရက္ခိုင့်တပ်တော် အားကောင်းလာတဲ့အချိန်မှာကျတော့ ရက္ခိုင့်တပ်တော်က ကိုယ်ပိုင်ဖက်ဒရယ်၊ ကွန်ဖက်ဒရေးရှင်းပေါ့။ အဲလို မျှော်လင့်ချက်နဲ့ လုပ်ဆောင်နေကြတဲ့ အခါကျတော့ ဒီပြည်နယ်နေ့ဆိုတာလည်း ငါတို့အတွက် အလကားပါပဲဆိုတဲ့ အသိတွေရလာကြတယ် ” ဟု ဦးခိုင်ကောင်စံက ပြောသည်။

ရခိုင်ပြည်နယ်နေ့သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရခေတ်တွင် ရေးဆွဲခဲ့သည့် ၁၉၇၄ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရခိုင်တိုင်းကို ရခိုင်ပြည်နယ်အဖြစ်သတ်မှတ်ခဲ့သော ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ကို သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ကျရောက်သည့် ၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့သည် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ယာယီအပစ်ရပ်ထားသည့် အချိန်နှင့် တိုက်ဆိုင်နေ၏။ ယင်းကြောင့် ရခိုင်ပြည်နယ်နေ့ကို စစ်ကောင်စီက အစည်ကားဆုံးဖြစ်အောင် ငွေကြေးအကုန်အကျခံကာ စီစဉ်ထားခြင်းဖြစ်သည်။

ဗီဒီယိုများ