စစ်ကောင်စီ ဖမ်းသွားသည့် ပုဏ္ဏားကျွန်း ဒေသခံ (၈) ဦးအတွက် မိသားစုဝင်များ စိတ်ပူနေ

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးနှင့် ကျွဲထိုးကျေးရွာတို့ မှ စစ်ကောင်စီတပ်သားများ ဖမ်းသွားသည့် ဒေသခံ (၈) ဦးမှာ တစ်ပတ်ကျော် ကြာသည်တိုင် မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးသဖြင့် စိုးရိမ်နေကြသည်။

By Admin 19 Nov 2022

စစ်ကောင်စီ ဖမ်းသွားသည့် ပုဏ္ဏားကျွန်း ဒေသခံ (၈) ဦးအတွက် မိသားစုဝင်များ စိတ်ပူနေ

DMG | နိုဝင်ဘာ၁၉

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးနှင့် ကျွဲထိုးကျေးရွာတို့ မှ စစ်ကောင်စီတပ်သားများ ဖမ်းသွားသည့် ဒေသခံ (၈) ဦးမှာ တစ်ပတ်ကျော် ကြာသည်တိုင် မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးသဖြင့် စိုးရိမ်နေကြသည်။

၄င်းတို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာ စစ်တပ် ရေယာဉ်မှ စစ်သားများသည် ကျေးရွာအတွင်းသို့ဝင်ရောက်လာပြီး တန်းခိုးကျေးရွာမှ (၇) ဦးနှင့် ကျွဲထိုးကျေးရွာမှ ဒေသခံ (၁) ဦးတို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင် ဒေသခံများကပြောသည်။

ဖမ်းဆီးခံရသူများမှာ တန်းခိုးရွာမှ ဦးမောင်ဝင်းကြိုင် (၅၆) နှစ်၊ ဦးမောင်သိန်း (၅၁) နှစ်၊ ဦးဂျော်ဂျီအောင် (၅၅) နှစ်၊ ဦးဦးမောင်သိန်း(၄၈) နှစ်၊ နှင့် တန်းခိုးကျေးရွာသို့ ရောက်ရှိနေသည့် ပုဏ္ဏားကျွန်းမြို့ခံများဖြစ်ကြသော မောင်ဟန်တင်ဝင်း၊ မောင်နေထက်လင်း၊ မောင်မောင်ဟန်ဝင်း (၃)ဦး တို့အပြင် ကျွဲထိုးကျေးရွာမှ ဦးထွန်းလှအေး(၄၅) နှစ် တို့ဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံထားသည့် ဒေသခံ (၈)ဦးမှာ တစ်ပတ်‌ကျော်ကြာသည့် တိုင် သတင်းအစနမရဖြစ်နေ သောကြောင်း မိသားစုဝင်များ စိုးရိမ်နေကြခြင်းလည်း ဖြစ်သည်။

“ စိုးရိမ်တာပေါ့။ သေသွားပြီလား အသက်ရှိနေသေးလား ဘာတစ်ခုမှ အသတင်းအစအန မရဘူး။ ကျနော်တို့ ထင်တာကတော့ စစ်တွေ ရွှေမင်းဂံ နေဗီ (Navy)မှာ ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ကို Navyပေါ်တင်ပြီး ခေါ်သွားတယ်ဆိုတာ မြင်လိုက်တာ။ အဲ့ Navy က ရွှေမင်းဂံ Navyက လာတာ ဆိုတော့ အဲမှာပဲ ရှိမယ် ထင်ပါတယ် ” ကျွဲထိုးကျေးရွာမှ ဖမ်းဆီးခံထားရသူ၏ မိသားစုဝင် တစ်ဦးက DMGသို့ ပြောသည်။

အဆိုပါ နိုဝင်ဘာလ ၁၂ ရက်နေ့က တန်းခိုးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်လာစဉ် ကျေးရွာသားများ ထွက်ပြေးကြပြီး တချို့မှာ ပုန်းခိုကျင်းအတွင်း ပုန်းခိုနေကြစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများထဲမှ တန်းခိုးကျေးရွာသား ဦးမောင်သိန်းဆိုသူမှာ စိတ်မနှံ့သူတစ်ဦးဖြစ်ပြီး ဦးဂျော်ဒီအောင်မှာ ကျေးရွာ အတွင်း သာရေးနာရေးကိစ္စရပ်များတွင် ဦးစီးဆောင် ရွက်နေသူ တစ်ဦး ဖြစ်ကာ ကျန်လူများမှာလည်း အရပ်သားများသာဖြစ်ကြောင်း ဒေသခံများက DMG သို့ ပြောသည်။

“ တန်းခိုးရွာ ကဖမ်းထားတဲ့ သူတွေ စစ်တွေ အမှတ်(၁) ရဲစခန်းမှာ ရှိတယ်လို့ ကြားမိလို့ မြို့ပေါ်မှာရှိ တဲ့ မိသားစု ဝင်တွေကို စုံစမ်းခိုင်းထားပါတယ်။ ဒါပေမယ့် အခုထိတော့ ဘာသတင်း အစအနမှ မရသေးပါဘူး ” ဟု ဖမ်းဆီးခံထားရသူ ဆွေမျိုးတစ်ဦး ကပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံ ၈ဦး ဖမ်းဆီးထားခံရမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။

ဆက်စပ်၍ နိုဝင်ဘာလ ၁၂ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာမှဒေသခံ၃ ဦးမှာ ယမန်နေ့ (နိုဝင်ဘာလ၁၈ရက်)နေ့ ညနေ၃နာရီကျော်ခန့် အချိန်တွင် ပုဏ္ဏားကျွန်း အခြေစိုက် (၅၅၀)တပ်ရင်းမှလွှတ်မြောက်လာပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် မြန်မာစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်သားများ ဝင်ရောက်သွားလာ မှုတို့ကြောင့် ဆင်အင်းကြီး ၊ပဒေသာ၊တန်းခိုး၊ ကျော်ဇံရွာ၊ ကျွဲထိုးစသည့် ကျေးရွာများမှဒေသခံ ၅၀၀၀ကျော်မှာ စစ်တွေ၊ ပုဏ္ဏားကျွန်း ၊ရသေ့တောင်၊ပေါက်တော မြို့နယ်ရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ဗီဒီယိုများ