တောင်ကုတ်တွင် စစ်သုံ့ပန်း မိသားစုဝင် ၁၄၄ ဦးကို AA လွှတ်ပေး

လွှတ်ပေးလိုက်သူများမှာ တောင်ကုတ်မြို့၊ စကခ ၅ နှင့် အခြားတပ်ရင်းများကဖြစ်ပြီး အမျိုးသမီး၊ ကလေးသူငယ် အများအပြားပါဝင်ကြောင်း သိရသည်။

By Admin 13 Aug 2025

ဧပြီလအတွင်းက မင်းပြားမြို့နယ်က စစ်သုံ့ပန်းမိသားစုဝင်များကို AA က ပြန်လွှတ်ပေးနေစဉ်။ ဓာတ်ပုံ- APM
ဧပြီလအတွင်းက မင်းပြားမြို့နယ်က စစ်သုံ့ပန်းမိသားစုဝင်များကို AA က ပြန်လွှတ်ပေးနေစဉ်။ ဓာတ်ပုံ- APM

DMG ၊ ဩဂုတ် ၁၃

ရခိုင်ပြည်၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း မိသားစုဝင် ၁၄၄ ဦးကို ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်က အာရက္ခတပ်တော်(AA)က ပြန်လွှတ်ပေးလိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

လွှတ်ပေးလိုက်သူများမှာ တောင်ကုတ်မြို့၊ စကခ ၅ နှင့် အခြားတပ်ရင်းများကဖြစ်ပြီး အမျိုးသမီး၊ ကလေးသူငယ် အများအပြားပါဝင်ကြောင်း သိရသည်။

အဆိုပါ သုံ့ပန်းမိသားစုဝင်များကို အာရက္ခတပ်တော်၏ နိုဗာ ၂ စစ် ဒေသက အခမ်းအနားပြုလုပ်ပြီး သူတို့သွားလိုသည့် နေရာများကို လိုက်လံပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" အဓိကတော့ သူတို့ရဲ့ လုံခြုံရေး အဆင်ပြေနိုင်တာကြောင့် မိသားစုဝင်တွေ လက်ထဲကို ပြန်လည် လွှဲပေးလိုက်တာ။ သူတို့သွားလိုတဲ့ နေရာကိုလည်း လိုက်ပို့ ပေးလိုက်တယ်။ လွှတ်ပေးလိုက်တဲ့ အထဲမှာ ကလေးရော အမျိုးသမီး လူကြီးတွေပါ အကုန်လုံးပါတယ် " ဟု စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

အာရက္ခတပ်တော်သည် တောင်ကုတ်မြို့နယ်တစ်ခုလုံးကို ၂၀၂၄ ဒီဇင်ဘာတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာ အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်နေသည်။

DMG က ကောက်ယူထားသည့် စာရင်းများအရ အာရက္ခတပ်တော်သည် ရခိုင်တိုက်ပွဲတွင် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းမိသားစုဝင် ၁,၂၀၀ ကျော်ကို ၅ ကြိမ်ထက်မနည်း အသုတ်လိုက်ခွဲပြီး လွှတ်ပေးခဲ့သည်။

စစ်သုံ့ပန်းမိသာစုဝင်များကို ပြန်လွှတ်ပေးခြင်းက လူသားချင်းစာနာမှုကို အခြေခံပြီး လွတ်ပေးခြင်းဖြစ်၍ ကောင်းမွန်သည့် လုပ်ရပ်တစ်ခုဖြစ်သည်ဟု တောင်ကုတ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

" တိုက်ပွဲတွေမှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေကို တာဝန်ယူထားရတာဟာ AA အတွက်လည်း ဝန်ထုတ်ဝန်ပိုး ဖြစ်စေတယ်။ လုံခြုံရေးကလည်း တာဝန်ကြီးတယ်။ အခုလို ပြန်လွှတ်ပေးတာက လူသားချင်းစာနာမှုကို အခြေခံပြီးတော့ လွှတ်ပေးတဲ့အတွက် ကောင်းတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ မြင်တယ်" ဟု ၎င်းက ဆိုသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စသည့် တိုက်ပွဲတစ်နှစ်ကျော်အတွင်း AA က ရခိုင်က မြို့နယ် ၁၄ ခုနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ကာ စစ်သုံ့ပန်းအပါအဝင် သုံ့ပန်းမိသားစုဝင် ထောင်နှင့်ချီကို ဖမ်းဆီးရမိထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း စစ်သုံ့ပန်းမိသားစုဝင်မျာကို ထားသည့်နေရာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်သုံ့ပန်း မိသားစုဝင် ၂၈ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာလအတွင်းကလည်း ပေါက်တောနှင့် မောင်တောမြို့နယ်တို့ရှိ AA အကျဉ်း စခန်းများကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် စစ်သုံ့ပန်း ၅၇ ဦးနှင့် အရပ်သား ၁၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

လက်ရှိ ရခိုင်ဒေသတွင် စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် စစ်သုံ့ပန်းများနှင့် စစ်သုံ့ပန်းမိသားစုဝင် ၁၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂၀ ကျော်အထိ ရှိလာနေသည်။