ကျောက်တော်ဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က သုံးလကျော်ကြာဖမ်းဆီးထားပြီးနောက် ၁၇(၁)ဖြင့်တရားစွဲ

မြန်မာစစ်တပ်က သုံးလကျော်ကြာဖမ်းဆီးစစ်ဆေးပြီး ရဲစခန်းသို့လွှဲပြောင်းခံလိုက်ရသည့် ကျောက်တော် မြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲတင်လိုက်ကြောင်း သိရသည်။

By Admin 05 Nov 2022

ကျောက်တော်ဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က သုံးလကျော်ကြာဖမ်းဆီးထားပြီးနောက် ၁၇(၁)ဖြင့်တရားစွဲ

အမှုဖွင့်ခံထားရသူ ၂ဦးအနက်  စစ်ဘေးရှောင် ဦးကျော်ဟိန်းကိုတွေ့ရစဥ်။

DMG | နိုဝင်ဘာ ၅

မြန်မာစစ်တပ်က သုံးလကျော်ကြာဖမ်းဆီးစစ်ဆေးပြီး ရဲစခန်းသို့လွှဲပြောင်းခံလိုက်ရသည့် ကျောက်တော် မြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲတင်လိုက်ကြောင်း သိရသည်။

ကျောက်တော်မြို့၊ကဝိရတနာကျောင်းစစ်ဘေးရှောင်စခန်းမှ အသက် ၄၀အရွယ် ဦးကျော်ဟိန်း(ဆေးဆရာ)နှင့်  သရက်တပင်ကျေးရွာမှ ဦးမောင်စောသာ (၅၃)နှစ်တို့ကို မြန်မာစစ်တပ်က နိုဝင်ဘာလ ၃ရက်နေ့တွင် ရဲစခန်း သို့ပို့ဆောင်ခဲ့ပြီး နောက်တစ်ရက်တွင်  ကျောက်တော်မြို့နယ်တရားရုံးတွင် တရားစွဲတင်ခဲ့ကြောင်း နီးစပ်သူ များထံမှ သိရသည်။

ဦးကျော်ဟိန်း၏ဇနီးဖြစ်သူ ဒေါ်အေးသန်းက ၄င်းတို့နှစ်ဦးအမှုဖွင့်ခံထားရခြင်းကို ခင်ပွန်းဖြစ်သူထံမှတစ်ဆင့် ကြားသိရပြီး ယခုကဲ့သို့ ကြီးလေးသောပုဒ်မတို့ဖြင့် အမှုဖွင့်ခံရခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်း ဆိုသည်။

" ရဲကတော့ အမှုကိစ္စနဲ့ပတ်သက်လို့ဘာမှမပြောပါဘူး။ ထမင်းသွားပို့တုန်းကပဲ ကျမယောကျာ်းပြောပြလို့ သူတို့နှစ်ယောက်စလုံး အမှုဖွင့်ခံထားရမှန်းသိရတာ။ တရားလိုကိုတော့ ကျမတို့လည်း မသိရဘူး " ဟု ဒေါ်အေးသန်းကပြောသည်။

လက်ရှိတွင် ဦးကျော်ဟိန်းမှာ စစ်ကြောရေးကာလအတွင်း စစ်ဆေးမေးမြန်းမှုများကြောင့် နှာခေါင်း၊ရင်ဘတ်တို့ တွင် အတွင်းဒဏ်ရာများရရှိခဲ့၍ ဆေးကုသရန်လိုလားနေကြောင်း ဇနီးဖြစ်သူ ကဆက်ပြောသည်။

" နှာခေါင်းရိုးတွေကျိုးနေတယ်၊ ရင်ဘတ်တွေလည်း တက်နင်းခံ ရတဲ့အတွက် မကြာမကြာအောင့်တယ်လို့ ပြောတယ်။ မနေ့က ထမင်းသွားပို့တုန်းကတောင် နေမကောင်းလို့ ဆေးတွေဝယ်လာပေးပါဆိုပြီ းမှာတဲ့အတွက် ဆေးတွေဝယ်သွားပေးလိုက်ရသေးတယ် ။ကျမယောက်ျား ပြောတာကတော့ သူနေမကောင်းလို့ ဆေးကုသခွင့်ပေးဖို့ ရဲတွေဆီမှာ ခွင့်တောင်းကြည့်ပေမဲ့ မရဘူးလို့ ပြောတယ်" ဟု ဒေါ်အေးသန်းကဆိုသည်။

ဦးကျော်ဟိန်းနှင့် ဦးမောင်စောသာတို့ကို လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စတင်ရုံးထုတ်မည်ဖြစ်ကြောင်း မိသားစုထံမှတစ်ဆင့် ကြားသိထားရသော်လည်း အခြေနေအသေးစိတ်ကို မေးမြန်းရန်အတွက် ကျောက်တော်မြို့မရဲစခန်းမှ စခန်းမှူး ခင်မောင်သန်းကို ဖုန်းဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

အမှုဖွင့်ခံထားရသူထဲမှ ဦးကျော်ဟိန်းမှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့၊ည ၉နာရီအချိန်ခန့်က မိမိ၏ စစ်ဘေး ရှောင်စခန်းမှ မဟာကံကြီးသျှင်ဘုရားစစ်ဘေးရှောင်စခန်းသို့ လူနာဆေးကုန်ရန်သွားစဉ်ဖမ်းဆီးခံလိုက်ရ ခြင်းဖြစ်သည်။

အလားတူ ဦးမောင်စောသာမှာလည်း သြဂုတ်လ ၁ ရက်နေ့က သရက်တပင်ကျေးရွာမှ ကျောက်တော်မြို့သို့ ကယ်ရီမောင်းရန်သွားစဉ်  မဟာမုနိဘုရားရှေ့၌ မြန်မာစစ်တပ်ကဖမ်းဆီးသွားခြင်းဖြစ်သည်။

ယင်းသို့ ဖမ်းဆီးခံရပြီးနောက် ၄င်းတို့နှစ်ဦးစလုံးမှာ မိသားစုဝင်များနှင့် လုံးဝအဆက်သွယ်မရဘဲ ပျောက်ဆုံးနေခဲ့ပြီး နိုဝင်ဘာလ ၃ရက်နေ့မှသာ  ရဲစခန်းသို့တစ်ပြိုင်တည်း ရောက်ရှိလာကြခြင်းဖြစ်သည်။

ဗီဒီယိုများ