- အိမ်နီးချင်းနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးမှာ အောင်မြင်မှုတွေ ရရှိလာတဲ့ AA
- ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
- အပူချိန်မြင့်တက်လာမှုကြောင့် ကျန်းမာရေး ဂရုစိုက်ရန် လိုအပ်လာ
- နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် မြန်မြန်ဆန်ဆန် ညှိနှိုင်းရန် ဗီယက်နမ်နှင့် ရုရှား သဘောတူ
- ကုလစာနာမှုစင်္ကြံ လက်တွေ့အလားအလာ
ထိုင်းဘက်သို့ ထွက်ပြေးခိုလှုံနေသည့် မြန်မာစစ်ဘေးရှောင် ၆,၀၀၀ ကျော် အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေ
ဧပြီလ ၅ ရက်နေ့မှစ၍ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုကြောင့် ဒေသခံများမှာ သောင်းရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနယ်စပ်သို့ ထွက်ပြေးသွားခဲ့ရသည်။
06 Apr 2023

DMG ၊ ဧပြီ ၆
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်အနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံခြမ်းဘက်သို့ ထွက်ပြေးခိုလှုံသွားကြရသည့် မြန်မာစစ်ဘေးရှောင် ၆,၀၀၀ ကျော်မှာ အရေးပေါ် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။
“မြန်မာဘက်ခြမ်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတော့ ဒီဘက်ကိုဝင်လာသူတွေက ဆက်တိုက်ရှိနေတယ်။ အခုလောလောဆယ်မှာတော့ စစ်ဘေးရှောင် ခြောက်ထောင်လောက်ရှိတယ်။ သူတို့အတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ အိပ်ယာခင်းတွေက အရေးပေါ် လိုအပ်နေတယ်” ဟု အကူအညီပေးနေသူ တစ်ဦးဖြစ်သည့် ကိုဖိုးသင်္ကြန်က ပြောသည်။
ဧပြီလ ၅ ရက်နေ့မှစ၍ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုကြောင့် ဒေသခံများမှာ နေထိုင်၍မရတော့သဖြင့် သောင်းရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနယ်စပ်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
လက်ရှိ ထွက်ပြေးတိမ်းရှောင်နေကြသည့် မြန်မာစစ်ဘေးရှောင်များမှာ ထိုင်းနယ်စပ်ရှိ သက္ကာယ၊ သဲပုံဂိတ်၊ ဟွေးကလုပ်၊ ၀မ်ဖာကျေးရွာဘက်ရှိ ရာဘာခြံနှင့်၊ မွေးမြူရေးခြံထဲတို့တွင် ယာယီနေထိုင်နေရကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။
ထွက်ပြေးလာသူတစ်ဦးက “ဒီနေ့ မနက်ပိုင်းကလည်း တစ်ချိန်လုံး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာရှိသလို လေကြောင်းက လာပစ်ခတ်တာတွေလည်း ရှိတယ်။ ဒေသခံတွေ ထိတယ် မထိဘူးဆိုတာကိုတော့ ကျနော်လည်း မသိဘူး။ အခုကတော့ ဒီမှာနေရတာ လုံခြုံပေမယ့် ခြင်တအားကိုက်တော့ ကလေးတွေ နေမကောင်းဖြစ်မှာကို စိုးရိမ်ရတယ်” ဟု ပြောသည်။
ရွှေကုက္ကိုမြို့သစ်အနီးတွင် နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ပြီး မြဝတီကုန်သွယ်ရေး လမ်းမကြီးတစ်လျှောက် ယာဉ်များဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့် မတ် ၂၅ ရက်နေ့က မြဝတီကုန်သွယ်ရေးဇုန်ကို တိုက်ခိုက်ခံရပြီးနောက် မြဝတီမြို့နယ် အတွင်း စစ်ကောင်စီနှင့် KNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး တိုက်ပွဲနယ်မြေ တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်းတွင် လက်နက်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေ နေ့စဉ်နှင့်အမျှတိုးလာနေပြီး လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ၁ ဒသမ ၈ သန်း အထိရှိလာနေပြီဖြစ်ကြောင်း UNOCHA က ဧပြီ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
#F001