- ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
- အပူချိန်မြင့်တက်လာမှုကြောင့် ကျန်းမာရေး ဂရုစိုက်ရန် လိုအပ်လာ
- နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် မြန်မြန်ဆန်ဆန် ညှိနှိုင်းရန် ဗီယက်နမ်နှင့် ရုရှား သဘောတူ
- ကုလစာနာမှုစင်္ကြံ လက်တွေ့အလားအလာ
- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
အပူချိန်မြင့်တက်လာမှုကြောင့် ကျန်းမာရေး ဂရုစိုက်ရန် လိုအပ်လာ
အပူချိန်မြင့်တက်လာမှုကြောင့် မလိုလားအပ်သော နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများ ဝမ်းပျက်ဝမ်းလျှော၊ ချွေးထွက်လွန်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့အပြင် သတိလစ်ခြင်းများ ဖြစ်ပေါ်တက်သဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်သင့်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက ပြောသည်။
11 May 2025

DMG ၊ မေ ၁၁
ယခုရက်ပိုင်းအတွင်း တစ်နေ့ထက်တစ်နေ့ အပူချိန်မြင့်တက်လာမှုကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများဖြစ်လာနိုင်ခြေရှိသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုစိုက်နေထိုင်ရန် လိုအပ်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက တိုက်တွန်းသည်။
မိုးလေဝါသနှင့် ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ရခိုင်ပြည်၏ အပူချိန်မှာ ၃၄ ဒီဂရီ ဆဲလ်စီးယပ်မှ ယမန်နေ့ (မေ ၁၀) တွင် ၃၅ ဒီဂရီဆဲလ်စီးယပ် အထိရှိလာနေသည်။
ထိုသို့ အပူချိန်မြင့်တက်လာမှုကြောင့် မလိုလားအပ်သော နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများ ဝမ်းပျက်ဝမ်းလျှော၊ ချွေးထွက်လွန်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့အပြင် သတိလစ်ခြင်းများ ဖြစ်ပေါ်တက်သဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်သင့်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက ပြောသည်။
" အပူချိန်အရမ်းပြင်းတော့ ဝမ်းရောဂါတွေ မဖြစ်ရအောင် ရေကျက်အေးတွေ သောက်ပေးရမယ်။ အပူပြင်းလို့ ဝမ်းရောဂါတွေဖြစ်ကြပြီဆိုရင် တစ်ပတ်ကနေ လဝက်အထိကြာတာတွေ ရှိတယ်။ ရေမကောင်းတဲ့ နေရာတွေမှာဆို ပိုပြီးဂရုစိုက်ရမယ် " ဟု ULA ၏ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောသည်။
ယင်းအပြင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသည် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ပိုမိုခံစားရနိုင်သဖြင့် အထူးဂရုပြုဆင်ခြင်ရန်နှင့် အသက် ၁ နှစ်အောက် ကလေးငယ်များကို နေပူထဲသို့ ခေါ်ဆောင်ခြင်းမပြုလုပ်ရန် လိုအပ်ကြောင်း ဆိုသည်။
နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများအနေဖြင့် နေ့လည် အပူပြင်းသည့် အချိန်များတွင် အရိပ်ရသည့် နေရာများနှင့် လေဝင်လေထွက်ကောင်းသည့် နေရာများတွင်နေထိုင်သင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အလားတူ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်း၊ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း နေပူထဲ ပြင်းထန်သည့် အလုပ်ကြမ်းများလုပ်ခြင်း၊ သွားလာလှုပ်ရှားခြင်းများ မပြုလုပ်ရန် နေအပူထဲသွားလာ လှုပ်ရှားရမည်ဆိုပါက ထီး၊ ဦးထုပ်များယူဆောင်သွားရန်နှင့် ရေနှင့် ဓာတ်ဆားလုံလောက်စွာ သောက်သုံးသင့်ကြောင်း ထုတ်ပြန်ထားသည်။
ဘူးသီးတောင်ဒေသခံ အမျိုးသမီးတစ်ဦးက " ရာသီဥတုပူလွန်းတော့ အလိုလိုနေရင်း အသက်ရှုမဝသလို ခံစားရတယ်။ ခေါင်းတွေမူးပြီး အော့ချင် အန်ချင်ဖြစ်တယ်။ နေပူထဲကို ထွက်တာနဲ့ မျက်လုံးတွေပြာပြီး လဲကျမလို ဖြစ်တယ်။ ပြီးရင် ကလေးတွေဆိုလည်း ဝမ်းပျက်ဝမ်းလျှောဖြစ်ကြတာတွေရှိတယ် " ဟု ပြောသည်။
ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း အပူချိန် ၄၄ ဒီဂရီဆဲလ်စီးယပ်ထိ မြင့်တက်ခဲ့ပြီး အပူအချိန်မြင့်မားမှုနှင့် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် ဒေသခံ သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
ယင်းကြောင့် ယခုနှစ်တွင်လည်း ရာသီဉတုပူပြင်းလာမှုကို ကာကွယ်ရန်နှင့် အခြားနေ့စဉ်နေထိုင်ရမည့် ပုံစံများကို ကျန်းမာရေး အသိပညာပေးမှုများ လုပ်ဆောင်သင့်ကြောင့် ပြောဆိုနေကြသည်။
ပုဏ္ဏားကျွန်းမှ စစ်ဘေးရှောင် ဒေါ်သန်းနုခင်က " ရာသီကအရမ်းပူတော့ အမိုးအကာတွေ လုံလုံလောက်လောက် မိုးပြီး နေချင်တယ်။ စစ်ဘေးရှောင်စခန်းမှာ နေရတာဆိုတော့ ကိုယ်လိုသလို ပြုပြင်လို့တော့မရဘူး။ အခု အပူချိန်က ပိုပြီးမြင့်လာတော့ ညဖက်တွေဆို ပူလို့ မအိပ်နိုင်ဘူး။ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်ရတယ် " ဟု ဆိုသည်။
အပူချိန်မြင့်တက်မှုဒဏ်ကို လူဦးရေများပြားသည့် စစ်ဘေးရှောင်စခန်းအတွင်းနေထိုင်သူများ၊ နေပူထဲအလုပ်ကိုင်နေကြရသူများနှင့် အခြေခံလက်လုပ်လက်စားဒေသခံများ အများဆုံးရင်ဆိုင်ကြုံတွေ့ နေကြရသည်။
ကမ္ဘာတွင် တစ်နှစ်ထက်တစ်နှစ် ဖောက်ပြန် ဆိုးရွားလာသည့် ရာသီဥတုဒဏ်ကို နိုင်ငံတိုင်းခံစားနေရသဖြင့် သစ်တောပြုန်းတီးမှုကို ကာကွယ်ရန် ဆောင်ရွက်သင့်ကြောင့် ပြောဆိုနေကြသည်။