- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် စာသင်ကျောင်းများ ရပ်ဆိုင်းမှု ကလေး နှစ်သိန်းခွဲ အခက်ကြုံ
- မောင်တောမြောက်ပိုင်းတွင် ARSA နှင့် AA တို့ တိုက်ပွဲများ ကြိုကြားဖြစ်နေ
- စစ်မှုထမ်း တပ်သားသစ်များနှင့်သာ ကျားကန်နေရသည့် စစ်ကောင်စီ၏ ရှေ့တန်းစစ်မြေပြင်
- လမ်းခရီး အခက်ခဲကြောင့် ရခိုင်တွင် ကုန်ဈေးနှုန်း မြင့်တက်လာ
- စားဝတ်နေရေး ခက်ခဲမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရသည့် မြေငူကျွန်းက စစ်ဘေးရှောင်များ
AA ကို ရိက္ခာထောက်ပံ့သည်ဟုဆိုကာ လေးမျက်နှာက စီးပွားရေးသမား ၅ ဦးအပါ ဒေသခံ ၉ ဦးကို စစ်ကောင်စီ ဖမ်းဆီး
ဧရာဝတီတွင် စစ်ကောင်စီက ရခိုင်စစ်ဘေးရှောင်များနှင့် ဒေသခံများအား အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့်တို့ဖြင့် ထောင်ဒဏ်ချမှတ်မှုများ လုပ်လျက်ရှိသည်။
26 May 2025

DMG ၊ မေ ၂၆
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ကျောက်စရစ်ကုန်းကျေးရွာမှ စီးပွားရေးသမား ၅ ဦး အပါအဝင် ကျေးရွာသား ၉ ဦးတို့မှာ အာရက္ခတပ်တော် (AA)ကို ရိက္ခာထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီ ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
၎င်းတို့ကို မေလ ၂၀ ရက်နှင့် ၂၄ ရက်အတွင်း ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့ထိ ပြန်လွတ်လာခြင်းမရှိ သေးသလို မည်သည့်နေရာ၌ ထိန်းသိမ်းထားကြောင်းလည်း မသိရဟု ဒေသခံများထံမှ သိရသည်။
" လက်ရှိအချိန်အထိ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူး။ အဓိကတော့ အာရက္ခတပ်တော်ကို ရိက္ခာထောက်ပံ့မှု ပြုလုပ်တယ်ဆိုပြီးတော့ ဖမ်းဆီးထားတာလို့ သိရတယ်" ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများမှာ ကျောက်စရစ်ကုန်းကျေးရွာမှ စီးပွားရေးသမား ၅ ဦး၊ ကားသမား ၂ ဦး၊ အမျိုးသမီး ၂ ဦးတို့ဖြစ်ပြီး ၎င်းတို့နှင့်ပတ်သက်၍ အသေးစိတ်ကို DMG က စုံစမ်းနေဆဲ ဖြစ်သည်။
ဧရာဝတီတွင် စစ်ကောင်စီက ရခိုင်စစ်ဘေးရှောင်များနှင့် ဒေသခံများအား အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့်တို့ဖြင့် ထောင်ဒဏ်ချမှတ်မှုများ လုပ်လျက်ရှိသည်။
ကျောက်စရစ်ကုန်းကျေးရွာမှာ ပုသိမ် - မုံရွာကားလမ်းပေါ်၌ တည်ရှိသည်။ ပြီးခဲ့သည့် ဧပြီလက စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ကြား ကျောက်စရစ်ကုန်းရွာအနီး ပန်းတောကြီးရွာတွင် တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီက ကျောက်စရစ်ကုန်းရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
လက်ရှိတွင် ပုသိမ် - မုံရွာကားလမ်းတကြောရှိ ကျေးရွာများနှင့် ရခိုင်ရိုးမတောင်ခြေရင်းရှိ ကျေးရွာများကို စစ်ကောင်စီက စားနပ်ရိက္ခာနှင့် စက်သုံးဆီသယ်ယူခွင့်တို့ကို ပိတ်ပင်ထားပြီး ၎င်းတို့နှင့် နီးစပ်သူအချို့ကိုသာ ယူခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။
"သာမန်ပြည်သူတွေ စားနပ်ရိက္ခာသယ်ခွင့်မရှိဘူး။ ဝန်ထမ်းနဲ့ စစ်ကောင်စီနဲ့ နီးစပ်သူတချို့ လောက်ပဲသယ်ခွင့်ရှိတယ်။ ဒေသခံတွေကတော့ စားနပ်ရိက္ခာနဲ့ အတော်လည်းကို ဒုက္ခရောက် နေကြတယ်" ဟု မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောသည်။
ဧရာဝတီတွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား လတ်တလောတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လေးမျက်နှာ၊ အင်္ဂပူနှင့် ရေကြည်မြို့နယ်တို့တွင် စစ်ရေးတင်းမာလျက်ရှိသည်။