အင်္ဂပူမြို့နယ်တွင် ထိုးစစ်ဆင်ရန် စစ်ကောင်စီ ပြင်ဆင်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းရှိ အာရက္ခတပ်တော်နှင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နေရာများကို စစ်ကောင်စီက ထိုးစစ်ဆင်ရန် လူအင်အားဖြည့်တင်းမှု၊ စစ်ရေးပြင်ဆင်မှု၊ စစ်ကြောင်းထိုးမှုများကို ယခုရက်ပိုင်းအတွင်း ဆက်တိုက်လုပ်နေကြောင်း ဒေသခံများထံက သိရသည်။

By Admin 05 Aug 2025

ဟောင်ဝှစ်စာအမြောက်ပစ်ခတ်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- CINCDS
ဟောင်ဝှစ်စာအမြောက်ပစ်ခတ်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- CINCDS

DMG ၊ ဩဂုတ် ၅

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းရှိ အာရက္ခတပ်တော်နှင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နေရာများကို စစ်ကောင်စီက ထိုးစစ်ဆင်ရန် လူအင်အားဖြည့်တင်းမှု၊ စစ်ရေးပြင်ဆင်မှု၊ စစ်ကြောင်းထိုးမှုများကို ယခုရက်ပိုင်းအတွင်း ဆက်တိုက်လုပ်နေကြောင်း ဒေသခံများထံက သိရသည်။

ဩဂုတ် ၁ နှင့် ၂ ရက်တို့တွင် အင်္ဂပူမြို့နယ်ရှိ ပိန္နဲကွင်း၊ သံပုရာကွင်း၊ လယ်တန်ငယ်၊ ကျောက်စရစ်ကုန်း၊ ကြက်ပေါင်ကုန်း စသည့် ကျေးရွာများကို စစ်ကောင်စီက လေကြောင်းကနေ ၉ ကြိမ်အထိ တိုက်ခိုက်ခဲ့ပြီး ဧရာဝတီ မြစ်နံဘေးက ကျေးရွာအချို့တွင်လည်း လက်နက်ကြီးများ တပ်ဆင်ကာ စစ်ရေးပြင်ဆင်နေကြောင်း သိရသည်။

" စစ်ကောင်စီက ဒီရက်ပိုင်း စစ်ရေးလှုပ်ရှားနေတယ်။ အခုလည်း ဧရာဝတီမြစ်နံဘေးက ကျေးရွာတွေကို စစ်ကြောင်းထိုးနေသလို နံကပ်ကြီးရွာမှာဆို တပ်စွဲထားပြီးတော့ လက်နက်ကြီးတွေ တပ်ဆင်ထားတယ် " ဟု အင်္ဂပူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း ၅ ရွာခန့်က အိမ်ပေါင်း ၃၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် စစ်ကောင်စီသည် ကျုံပျော်နှင့် ဟင်္သာတမြို့မှ ပြည်သူ့စစ်များကို အင်္ဂပူမြို့နယ်ရှိ အမှတ် (၅) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းသို့ ပို့ထားပြီး ယင်းမှ တစ်ဆင့် အင်အားဖြည့်ကာ မြေပြင် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် အင်္ဂပူမြို့နယ်ရှိ ပုသိမ်- မုံရွာလမ်းပိုင်းက ကျေးရွာအချို့ကို စစ်ကောင်စီ လက်လွှတ်ထားရသည်။

ယင်းကြောင့် ၎င်းတို့၏ ထောက်ပို့လုပ်ငန်းများ ကြန့်ကြာနေပြီး လေးမျက်နှာဖက်ကတပ်များနှင့် ဆက်သွယ်ရာတွင်လည်း အခက်ခဲဖြစ်နေသဖြင့် ထိုလမ်းပိုင်းကို ပြန်လည်ရနိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

နောက်ထပ် အင်္ဂပူဒေသခံ အမျိုးသားတစ်ဦးက " အဓိကတော့ ပုသိမ်-မုံရွာလမ်းပိုင်းကို သူတို့ ဆုံးရှုံးထားရတာကြောင့် သူတို့မှာ ထောက်ပို့နဲ့ ဆက်သွယ်ရေးပါ ခက်ခဲမှုရှိလာတယ်။ ဒါကြောင့် ဒီလမ်းပိုင်းကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာနေတာ ဖြစ်နိုင်တယ် " ဟု ပြောသည်။

အင်္ဂပူမြို့နယ်က ပိန္နဲကွင်း၊ သံပုရာကွင်း၊ ကျောက်စရစ်ကုန်း၊ သဲနုကုန်း၊ ခြင်ကိုက်ကွင်းစသည့် ပုသိမ်-မုံရွာ ကားလမ်းပေါ်က ကျေးရွာများကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားခြင်းဖြစ်သည်။

ယင်းအပြင် စစ်ကောင်စီသည် ဇူလိုင် နောက်ဆုံးအပတ်က စပြီး အင်္ဂပူမြို့နယ်က ကျေးရွာအချို့ကို စားနပ်ရိက္ခာနှင့် ဆေးဝါး၊ စက်သုံးဆီ သယ်ယူခွင့် ပိတ်ပင်ထားသည်။

ဧရာဝတီတိုင်း အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ ပုသိမ် စသည့်မြို့နယ်တို့မှာ အာရက္ခတပ်တော်နှင့် ဒေသခံ ပြည်သူကာကွယ်ရေးတပ်တို့ ပူးပေါင်းလှုပ်ရှားနေကြခြင်းဖြစ်သည်။