- ICC ရှေ့နေ ကယ်ရင်ခန် လိင်မတော်မတရားမှုဖြင့် စစ်ဆေးခံနေရ
- စစ်ကောင်စီ၏ အငြိုးအတေး ပစ်မှတ်အောက်က မြို့ကျောက်တော်
- ဧရာဝတီ၊ ကွင်းကောက်မြို့အနီးက ကပျိုစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်
- ကြောက်မက်ဖွယ် လူသတ်ပွဲကြီး ဆင်နွှဲနေသည့် စစ်ကောင်စီ (Vox Pop)
- ပေါက်တောက ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်နေ
ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးနေသည့် စစ်ဘေးရှောင်များထဲက တချို့နေရပ်ပြန်
ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့ရသူ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်ထဲမှ ၃,၀၀၀ ကျော်မှာ ယနေ့ နေရပ်ပြန်နေကြပြီဖြစ်သည်။
10 Apr 2023

DMG ၊ ဧပြီ ၁၀
ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်မြို့အနီး နယ်ခြားစောင့်တပ်ဖွဲ့(BGF) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်များကြား တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့ရသူ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်ထဲမှ ၃,၀၀၀ ကျော်မှာ ယနေ့ နေရပ်ပြန်ကြကြောင်း စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူထံမှ သိရသည်။
စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုဖိုးသင်္ကြန်က “ ဒီနေ့ လူသုံးထောင်လောက် ပြန်ကြတယ်။ အမှတ် ၂ တံတားနားမှာရှိတဲ့ စခန်း ၃ ခုက ပြန်ကြတာ။ ဒေသအတွင်းမှာ တိုက်ပွဲတွေငြိမ်လို့ ပြန်ကြတာပါ။ အကုန်ပြန်တာတော့ မဟုတ်သေးဘူး။ တိုက်ပွဲက နည်းနည်းငြိမ်သွားတဲ့ သဘောရှိလို့ ပြန်ကြတာ ဖြစ်တယ် ” ဟု ဆိုသည်။
နေရပ်ပြန်သွားသူများမှာ ရွှေကုက္ကိုလ်မြို့အနီး ရွှေသဲပုံ၊ ချောင်းဆုံ၊ နဒီ၊ မဲ့ကနယ်၊ ကွင်းကလေး၊ ဝှေ့ရှမ်း စသည့် ကျေးရွာဒေသခံများဖြစ်ကြပြီး မိမိအစီအစဉ်ဖြင့် နေရပ်ပြန်ကြခြင်းဖြစ်ကြောင်း ချောင်းဆုံကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ကျန်နေသေးသည့် စစ်ရှောင်များမှာ ထိုင်းနယ်စပ်ရှိ သက္ကာယ၊ သဲပုံဂိတ်၊ ဟွေးကလုပ်၊ ဝမ်ဖာ တို့ရှိ ရာဘာခြံနှင့်၊ မွေးမြူရေးခြံတို့တွင် ယာယီနေထိုင်နေကြပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာအပါအဝင် သောက်ရေအကူအညီများ လိုအပ်နေကြောင်း သိရသည်။
“ရွှေကုက္ကိုလ်ဖက်က အနားဝန်းကျင်မှာ တိုက်ပွဲက နေ့စဉ်ရှိနေတယ်။ လောလောဆယ် ဒေသအခြေအနေကို ဝင်ကြည့်ဖို့က တိုက်ပွဲရှိနေတော့ အခက်အခဲ ဖြစ်နေတယ်။ အသေးစိတ်အခြေအနေကိုတော့ ကျနော်တို့လည်း မသိသေးဘူး” ဟု စစ်ဘေးရှောင် နောက်တစ်ဦးက ဆိုသည်။
ဧပြီလ ၅ ရက်နေ့မှစ၍ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုကြောင့် ဒေသနေပြည်သူများမှာ သောင်းရင်းမြစ်ကိုဖြတ်ကျော်ပြီး ထိုင်းနယ်စပ်သို့ ထွက်ပြေးလာခဲ့ကြခြင်း ဖြစ်သည်။
လက်ရှိတွင် မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးကို ဧပြီလ ၇ ရက်မှ ၂၁ ရက်နေ့ထိ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် လက်နက်ကိုင်တော်လှန်ရေးတပ် (၁၀) ဖွဲ့ကပိတ်ထားပြီး၊ မြဝတီမြို့နယ် ရွေကုက္ကိုလ်မြို့သစ်အနီးက ပြည်သူများကိုလည်း တိမ်းရှောင်နေကြရန် ကော်သူးလေး တပ်မတော်က ဧပြီ ၇ ရက်နေ့စွဲဖြင့် သတိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်းတွင် လက်နက်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေ နေ့စဉ်နှင့်အမျှတိုးလာနေပြီး လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ၁ ဒသမ ၈ သန်း အထိရှိလာနေပြီဖြစ်ကြောင်း UNOCHA ၏ ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
#F001