AA ထိန်းချုပ်နယ်မြေအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး စတင်လုပ်ဆောင်

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်က မြို့နယ်အချို့တွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ အသိပညာပေးလုပ်ငန်းများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။

By Admin 16 May 2025

၂၀၂၀ ခုနှစ်က စစ်တွေမြို့တွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး အသိပညာပေး ပြုလုပ်နေသည့် ကျန်းမာရေးဝန်ထမ်းအချို့။
၂၀၂၀ ခုနှစ်က စစ်တွေမြို့တွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး အသိပညာပေး ပြုလုပ်နေသည့် ကျန်းမာရေးဝန်ထမ်းအချို့။

DMG ၊ မေ ၁၆

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်က မြို့နယ်အချို့တွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ အသိပညာပေးလုပ်ငန်းများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။ 

လက်ရှိတွင် မြောက်ဦးမြို့နယ်၊ ရပ်ကွက်များရှိ ဒေသခံများကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းပြီး အသိပညာပေးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

မြောက်ဦးမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက " ရပ်ကွက်တွေမှာ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်လို့ တစ်အိမ်တက်/ ဆင်း ကျန်းမာရေး အသိပညာတွေပေးတာတွေ လုပ်နေတယ်။ ဘုရားပန်းအိုးတွေကို ရေပုတ်အောင်ထိ မထားရ၊ စဉ့်အိုး၊ ရေသိုလှောင်ဗူးတွေကို စနစ်တကျနဲ့ ထားရမယ်ဆိုပြီးတော့ အသိပေးတာတွေ ရှိပါတယ် " ဟု ပြောသည်။

သွေးလွန်တုတ်ကွေးရောဂါသည် မိုးဦးနှင့် မိုးနှောင်းတို့တွင် ဖြစ်ပေါ်တတ်ပြီး သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရန် ပြည်သူများအနေဖြင့် မိမိနေအိမ်ပတ်ဝန်းကျင်တွင် ခြင်များ မပေါက်ပွားအောင် သန့်ရှင်းရန် လိုအပ်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက ပြောဆိုကြသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှ တစ်ဆင့်ဖြစ်ပွားစေပြီး လူကြီး/လူငယ်မရွေး ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါတစ်မျိုး ဖြစ်သည်။

လက်ရှိတွင် အချို့မြို့နယ်များ၌ သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းများ မရှိသေးကြောင်း သိရသည်။

မင်းပြားမြို့ ဒေသခံတစ်ဦးက " သွေးလွန်တုပ်ကွေးဖြစ်လို့ သေတဲ့သူတွေလည်း ရှိတယ်ဆိုတော့ အဲဒီရောဂါနဲ့ ပတ်သက်ပြီး ဆေးဖြန်းတာတွေ၊ ကျန်းမာရေးအသိပညာပေးမှုတွေ လုပ်ပေးဖို့ လိုအပ်တယ်။ အဲဒီလို လုပ်ပေးဖို့လည်း တောင်းဆိုချင်တယ်။ အဓိကတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ပေးဖို့ အစိုးရတစ်ရပ်မှာ တာဝန်ရှိတာပေါ့ " ဟု ပြောသည်။

မကြာမီတွင် မိုးဦးကျရာသီ ရောက်ရှိလာမည်ဖြစ်သဖြင့် မိုးတွင်းတွင် ဖြစ်လေ့ရှိသည့် သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောစသည့် ရောဂါများကို ကြိုတင်ကာကွယ်ရန် အသိပညာပေးခြင်းများ လိုအပ်လာခြင်း ဖြစ်သည်။ 

ပြီးခဲ့သည် ၂၀၂၂ ခုနှစ်အတွင်း ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ဦး‌ရေ ၂,၃၀၆ ဦးနှင့် သေဆုံးသူ ၅ ဦး အထိရှိခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်းကလည်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၂၁ ဦးနှင့် သေဆုံးသူ ၁ ဦး ရှိခဲ့သည်။