ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်ကျေးရွာတွင် ယနေ့ (နိုဝင်ဘာလ၁၉) ရက်နေ့လည် ၂ နာရီကျော်အချိန်တွင် ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

By Admin 19 Nov 2022

ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရ

ရေဖြူကန်ကျေးရွာမှ လက်နက်ကြီးကျည်ထိမှန်သွားသူများ(ဓာတ်ပုံ - ပေးပို့)

DMG | နိုဝင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်ကျေးရွာတွင် ယနေ့ (နိုဝင်ဘာလ၁၉) ရက်နေ့လည် ၂ နာရီကျော်အချိန်တွင် ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အသက် (၃၃) နှစ်အရွယ် ဦးအေးဝင်းမောင်မှာ ဦးခေါင်းနောက်စေ့၌ ဒဏ်ရာရရှိသွားပြီး အသက် (၃၂) နှစ်အရွယ် ဦးဝင်းမောင်မှာ ပါး၌ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကျေးရွာတာဝန်ရှိသူတစ်ဦးက DMG သို့ပြောသည်။

“ ဒီနေ့ ၂ နာရီ ကျော်လောက်က ၅၅၀ တပ်ရင်းကနေ လက်နက်ကြီး ၁၀ လုံးလောက်ပစ်တာပါ။ ရွာထဲကို လက်နက် ကြီးကျည် ၂ လုံးကျပါတယ်။ ဦးအေးထွန်းခြံထဲ တစ်လုံးကျတယ်။ ဦးမောင်သိန်းချေခြံထဲတစ်လုံးကျပါတယ်။ ကျည်စထိသွားတဲ့ သူတွေကတော့ ဦးမောင်သိန်းချေအိမ်မှာ စကားထိုင်ပြောနေတုန်း လက်နက်ကြီးကျပြီး ကျည်စမှန်သွားတာပါ။ ပါးကဒဏ်ရာက နည်းနည်းလေးပါ။ ခေါင်းနောက်စေ့ ထိသွားတဲ့သူကတော့ ပုဏ္ဏားကျွန်းဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်” ဟု သူကပြောသည်။

အဆိုပါ လက်နက်ကြီးကျည်မှာ ကျေးရွာအနီးတွင် တစုံတရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းသို့ ပစ်ခတ်ခြင်းဟုလည်း ရွာသားများက ပြောသည်။

ထိုသို့ ကျေးရွာထဲသို့ လက်နက်ကြီးကျည်ကျ ရောက်မှုကြောင့်လက်ရှိတွင် ရေဖြူကန်ရွာသား များမှာ ပုဏ္ဏားကျွန်းမြို့ပေါ်နှင့် အောင်ဖြူပြင်၊ သရက်ချိုကျေးရွာများ သို့ ထွက်ပြေးသွားကြသည် ဟု နောက်ထပ် ရွာသားတစ်ဦးကပြောသည်။

“ရွာက လူတွေကတော့ ရွာထဲကို လက်နက်ကြီးကျတော့ မနေရဲဘဲ အကုန်လုံးထွက်ပြေးသွားကြပါပြီ။ ရွာမှာ လူလတ်ပိုင်း ယောကျ်ား အနည်းအကျဉ်းလောက်ပဲ ရှိတော့တယ်။ မိန်းမတွေ၊ အသက်ကြီးပိုင်းတွေ ကလေးငယ်တွေ အကုန်လုံးထွက်ပြေးသွားကြပြပြီ ” ဟု သူကပြောသည်။

ယခုကဲ့သို့ ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်မှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို DMGက ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာ၁၇ရက်နေ့ကလည်း ကျောက်တော်မြို့ ကုလားတန်မြစ်အတွင်း စားနပ်ရိက္ခာများ သယ်ဆောင်လာသည့် စက်လှေတစ်စီး သေနတ်ပစ်ခံရသောကြောင့် အမျိုးသားတစ်ဦးသေဆုံးသွားကာ နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည်၁၂နာရီခွဲခန့်အချိန်ခန့်ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း၊ ဂြိတ်ချောင်း (မြို) ကျေးရွာသို့ လက်နက်ကြီးကျည် ၃လုံးပေါက်ကွဲမှုကြောင့် ရွာသား ၁၂ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာရရှိခဲ့သည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်တွင် မြန်မာစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊စစ်သားများ ဝင်ရောက်သွားလာမှုတို့ကြောင့် ဆင်အင်းကြီး ၊ပဒေသာ၊တန်းခိုး၊ကျော်ဇံရွာ၊ ကျွဲထိုးစသည့် ကျေးရွာများမှ ဒေသခံ ၅၀၀၀ကျော်မှာ ဘေးလွတ်ရွာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေလျှက် ရှိကြသည်။

ဗီဒီယိုများ