စစ်တွေတွင် ရခိုင်ရိုးရာရထားဆွဲပွဲ ကျင်းပရန် ငွေကြေးအခက်အခဲရှိနေ

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ယခင်က နှစ်စဉ်ကျင်းပလေ့ရှိသော ရခိုင်ရိုးရာရထားဆွဲပွဲကို ဒေသမတည်ငြိမ်မှုနှင့် ကိုဗစ်ရောဂါတို့ကြောင့် မကျင်းပနိုင်ခဲ့သည်မှာ ၅ နှစ်တိုင်ကြာမြင့်ခဲ့ပြီဖြစ်သည်။

By Admin 26 Jan 2023

စစ်တွေတွင် ရခိုင်ရိုးရာရထားဆွဲပွဲ ကျင်းပရန် ငွေကြေးအခက်အခဲရှိနေ

DMG ၊ ဇန်နဝါရီ ၂၅

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ယခင်က နှစ်စဉ်ကျင်းပလေ့ရှိသော ရခိုင်ရိုးရာရထားဆွဲပွဲကို ဒေသမတည်ငြိမ်မှုနှင့် ကိုဗစ်ရောဂါတို့ကြောင့် မကျင်းပနိုင်ခဲ့သည်မှာ ၅ နှစ်တိုင်ကြာမြင့်ခဲ့ပြီဖြစ်ကာ ယခုနှစ်တွင်လည်း ပွဲကျင်းပရန် ငွေကြေးအခက်အခဲရှိနေကြောင်း ပွဲကိုဦးဆောင်သူများထံမှ သိရသည်။

ထိုသို့ဖြစ်နေရခြင်းမှာ ယိုယွင်းပျက်စီးနေပြီဖြစ်သည့် ရထားဘီးလုံးများကို လက်ရှိတွင် ပြန်လည်ပြုပြင်ရန် ငွေကြေး အခက်အခဲများရှိနေခြင်းကြောင့်ဖြစ်သည်ဟု ရခိုင်ရိုးရာ ထိန်းသိမ်းဖော်ထုတ်ရေးအဖွဲ့မှ ဦးကိုကိုလေးက DMG ကို ပြောသည်။

“ရထားပွဲက မလုပ်တာလည်းကြာတော့ ရထားစက်ဘီးတွေလည်း အကုန်လုံးပေါက်ကုန်ပြီ။ သိမ်းထားတာတော့ ရှိတယ်။ အကုန်လုံးပျက်စီးနေပြီ။ ရထားတစ်စီးလုပ်တာတောင် သိန်း ၄၀ လောက် ကုန်မယ်။ ကြိုးဆိုရင်လည်း  အလယ်က သံမဏိပါတဲ့ကြိုးကိုပဲ အသုံးပြုတာ။ အခုက ပွဲမလုပ်တာလည်းကြာတော့ ကြိုးတွေလည်း ဆွေးကုန်ပြီ။  အဓိကတော့ ရန်ပုံငွေရှိတယ်ဆိုရင် ပွဲကလုပ်ဖြစ်မှာ”ဟု ဦးကိုကိုလေးက ပြောသည်။

ရထားဆွဲပွဲကျင်းပနိုင်ရန် ယခင်နှစ်များက ပြည်နယ်အစိုးရအဖွဲ့မှ ငွေကြေးထောက်ပံ့ပေးခြင်း၊ ဒေသခံများထံမှ ကောက်ခံရရှိသည့် ငွေများနှင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

ရထားဆွဲပွဲတော်ကို တပို့တွဲလပြည့်နေ့မတိုင်မီ ကျင်းပရပြီး ပွဲကျင်းပခြင်းအားဖြင့် ရခိုင်ပြည်တွင် ဆန်ရေစပါးပေါများပြီး အေးချမ်းသာယာကြောင်း ရှေးယခင်ကပင် ယုံကြည်မှုရှိကြသဖြင့် ဘိုးဘွားစဉ်ဆက် ကျင်းပလာခဲ့ကြောင်း သိရသည်။

စစ်တွေမြို့မှ စာရေးဆရာ ဦးဝေဟင်အောင်က “ဒီရထားဆွဲပွဲတော်ဟာ ရခိုင်တွေရဲ့ တပို့တွဲလမှာကျင်းပတဲ့ ရိုးရာ အစဉ်အလာတစ်ခုဖြစ်တယ်။ ရိုးရာအစဉ်အလာတစ်ခု ရပ်တန့်ပြီး ပျက်စီးသွားတာကတော့ သိပ်ကိုနှမြောဖို့ကောင်းတယ်။ ကျနော့်အနေနဲ့တော့ ဒီအစဉ်အလာကို ဖြစ်စေချင်တယ်။ ဦးစီးဦးဆောင်ပြီး လုပ်တဲ့သူတွေအနေနဲ့လည်း ဒီရထားဆွဲပွဲတော်ကို နှစ်စဉ်နှစ်တိုင်းဖြစ်နိုင်အောင် ကြိုးစားပြီးလုပ်ပေးစေချင်တယ်”ဟု ပြောသည်။

ရခိုင်ရိုးရာရထားဆွဲပွဲတော်သည် နှစ်ပေါင်း ၄၀ ကျော်ကြာ ပျောက်ကွယ်ခဲ့ရာမှ စစ်တွေမြို့တွင် ၂၀၀၉ ခုနှစ်က စတင်ပြီး ပြန်လည်ကျင်းပလာခြင်းဖြစ်ကာ ယင်းအချိန်မှစ၍ ၁၀ ကြိမ်အထိ ကျင်းပခဲ့ပြီဖြစ်သည်။

ရခိုင်ရိုးရာ ရထားဆွဲပွဲတော်တွင် စက္ကူရောင်စုံ၊ ပန်းနွယ်ပန်းခက်များဖြင့် အလှဆင်ထားသည့် ဘီးလိမ့်ရထားတွင် တပ်ဆင်ထားသည့် ကြိုးနှစ်ဖက်ကို ရပ်ကွက်တစ်ခုနှင့်တစ်ခုတို့က သံချပ်ထိုးကာ နှစ်ဘက်အားပြိုင်ဆွဲရသည့် ပွဲတော်ဖြစ်သည်။

ပွဲတော်ကျင်းပရာတွင်လည်း ဆယ့်နှစ်လရာသီထဲမှ အခြားလများတွင် ကျင်းပ၍မရဘဲ ကြယ်တာရာနက္ခထွန်းသည့် တပို့တွဲလပြည့်မတိုင်ခင်ကျင်းပရခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများတွင်ဖော်ပြသည်။

ယခင်ကာလများက နှစ်စဉ်ကျင်းပလေ့ရှိသော ရခိုင်ရိုးရာရထားဆွဲပွဲမှာ လက်ရှိတွင် အကြောင်းအမျိုးမျိုးကြောင့် မှေးမှိန်နေရပြီး ဒေသခံများက ရထားဆွဲပွဲပြန်လည်ဖြစ်မြောက်လာရန် မျှော်လင့်နေကြသည်။

#I001

ဗီဒီယိုများ