အစမ်းသပ်ခံ ပညာရေး မဖြစ်စေလို

By Admin 13 Jul 2023

အစမ်းသပ်ခံ ပညာရေး မဖြစ်စေလို

အယ်ဒီတာ့အာဘော်

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ကိုလိုနီခေတ်ကနေ လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တစ်ခုကျော်အထိ အရှေ့တောင်အာရှမှာ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့ပေမဲ့ ဗိုလ်ချုပ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီ အစိုးရ တက်လာပြီးနောက်ပိုင်းကစလို့ တစစနဲ့ ယိုယွင်းလာခဲ့တာဟာ ဒီကနေ့အထိပဲလို့ ဆိုရမှာပါ။

လက်ရှိကျင့်သုံးနေတဲ့ ပညာရေးစနစ်သစ်ဟာ ဂျပန်နိုင်ငံရဲ့ ပညာရေးစနစ်ကို အခြေခံထားပြီး Grade-12 အထိ ပါဝင်လာတာကြောင့် နိုင်ငံတတကာရဲ့ ပညာရေးစနစ်ကို လက်လှမ်းမီနိုင်အောင် ပြောင်းလဲလိုက်တာလဲ ဖြစ်ပါတယ်။

ဒါပေမဲ့ စီမံခန့်ခွဲရေး ညံ့ဖျင်းမှုတွေကြောင့် လက်ရှိပညာရေးစနစ်မှာလည်း ယိုပေါက်တွေနဲ့သာ ရင်ဆိုင် ကြုံတွေ့နေရဆဲပဲဆိုတာ သိသာပါတယ်။

စနစ်သစ်ပညာရေးဟာ လူငယ်လူရွယ်တွေရဲ့ အရည်အသွေးတွေကို မြှင့်တင်ပေးနိုင်တယ်ဆိုပေမဲ့လည်း ဆရာ/မတွေကိုပေးတဲ့ မွမ်းမံသင်တန်းတွေဆိုတာ ရက်သတ္တပတ်ခန့်သာရှိတဲ့အတွက် ပြောင်းလဲသွားတဲ့ သင်ရိုးကို လိုက်မီနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

လက်ရှိ စနစ်သစ်ပညာရေးမှာ သင်ကြားရတဲ့စာတွေဟာ ယခင်ကထက် ပိုမိုအဆင့်မြင့်လာတာကြောင့် အခြေခံနိမ့်တဲ့ ကျောင်းသား/သူတွေ လိုက်မီဖို့ တော်တော်ကြိုးစားရမယ့် အနေအထားမှာရှိပါတယ်။

စနစ်ဟောင်း Grade-10 အောင်မြင်ပြီး ကျောင်းသားတွေနဲ့ Grade–11 တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးတဲ့ ကျောင်းသူ/ကျောင်းသားတွေ အားလုံးဟာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ ကျင်းပမယ့် စနစ်သစ် (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ပက ဖြေဆိုခွင့်ရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဆိုပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးခဲ့တဲ့ ကျောင်းသူ/ကျောင်းသားတွေကို ဝင်ရောက်ဖြေဆိုခွင့်ပြုတာ ကောင်းပေမယ့် စနစ်သစ်ပညာရေးစနစ်အပေါ် ပြင်ပကဖြေဆိုရမယ့်အပေါ် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

မြို့ပြက ဆရာ/မတွေနဲ့ ကျောင်းသား/သူတွေအနေဖြင့် ပညာရေးကို လေ့လာလိုက်စားဖို့ အခွင့်အလမ်း ပိုမိုများပြားပေမဲ့ ကျေးလက်ဒေသမှာ သင်ကြားနေရသူတွေအတွက် သင်ထောက်ကူပစ္စည်းတွေကို ပြည့်ပြည့်စုံစုံ ထောက်ပံ့ပေးနိုင်ဖို့ အထူးလိုအပ်ပါတယ်။

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာက ကိုယ်ပိုင်သင်ရိုးတွေ ရေးဆွဲထားတာရှိတဲ့အတွက် အခက်အခဲ ကြုံတွေ့နိုင်ခြေနည်းပေမဲ့ အခြေခံကျောင်းတွေမှာ သင်ကြားနေကြရတဲ့ ဆရာ/မတွေသာ အတွက် သင်ရိုးစာအုပ်တွေ၊ ဆရာကိုင်စာအုပ်တွေ မရရှိနိုင်ရင် ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်ပညာရေးကို သတ်လိုက်တာနဲ့ တူသွားပါလိမ့်မယ်။

အခြေခံကျောင်းတွေကို စတင်ဖွင့်လှစ်တာ တစ်လကျော်ကြာလာတဲ့အထိ သင်ထောက်ကူပစ္စည်းတွေ လုံလောက်အောင် မထောက်ပံ့နိုင်သေးတာကိုကြည့်ရင် ပညာရေးဝန်ကြီးဌာနအနေနဲ့ စီမံခန့်ခွဲမှုမှာ အားနည်းချက်တွေ ရှိနေဆဲဆိုတာကို ထင်ရှားပါတယ်။

မြန်မာနိုင်ငံရဲ့ လူနေမှုစနစ်အရ ခုနှစ်ဆယ်ရာခိုင်နှုန်းဟာ ကျေးလက်နေ လူတန်းစားဖြစ်တာကြောင့် ကျေးလက်ဒေသက ပညာရေးကိုလည်း အလေးထားဖို့ လိုအပ်ပါတယ်။

အစိုးရက ဆရာကိုင်လို့ ထုတ်ပေးလိုက်တဲ့ စာအုပ်တွေဟာ စာအုပ်အရောင်းဆိုင်တွေပေါ်က စင်တွေပေါ်မှာပဲ တွေ့နေရပြီးတော့ စာအုပ်တစ်အုပ်ကို ငွေကျပ် သုံးသောင်းခွဲ၊ လေးသောင်းပေးပြီး ဝယ်ယူနေကြရပါတယ်။ ရောင်းဝယ်ဖောက်ကားမှုတွေထဲမှာ စာအုပ်မှောင်ခိုဆိုတဲ့ စကားလုံးတစ်ခုကတော့ တိုးလာတယ်လို့ ဆိုရမှာပါ။

နောက်တစ်ချက်က အထူးထုတ်စာအုပ်တွေ ထွက်လာတဲ့ကိစ္စပါ။ သင်ရိုးစာအုပ်တွေ မထွက်ခင်ကတည်းက အကျင့်ပျက် ဝန်ထမ်းတစ်ချို့နဲ့ စီးပွားရေးသမားတွေ ပူးပေါင်းပြီး လုပ်စားကြတဲ့အကွက်လည်း ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကို တာဝန်ရှိသူတွေအနေနဲ့ ဖော်ထုတ်ပြီး အရေးယူတာမျိုး လုပ်ဆောင်ဖို့လိုအပ်ပါတယ်။

အပြောင်းအလဲတွေနဲ့ အားကြိုးမာန်တက် ချီတက်ကြရမယ့်အချိန်မှာ “မြေစမ်း ခရမ်းပျိုး”ပုံစံမျိုး လုပ်နေရင်တော့ ပညာရေးစနစ်ဟာ အစမ်းသပ်ခံပညာရေးသာ ဖြစ်နေပါလိမ့်မယ်။

လုပ်ပိုင်ခွင့်ကို မသမာမှုလုပ်ပြီး နီးစပ်ရာဆွဲခန့်ဆိုတဲ့ လာဘ်ပေးလာဘ်မှုတွေကြားက အခင်းအကျင်း တချို့ကိုလည်း မြင်တွေ့ကြဖူးလိမ့်မယ်လို့ ထင်ပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ်ရဲ့ တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းဟာ လက်ရှိအချိန်ထိ ကျဆင်းနေဆဲ ဖြစ်တာကြောင့် ကိုလိုနီခေတ်က ရခိုင်လူမျိုးတွေရဲ့ ပညာရေးအဆင့်အတန်း ဘယ်လောက်ထိ မြင့်မားခဲ့သလဲ ဆိုတာကို လေ့လာကြည့်ဖို့လည်း တိုက်တွန်းလိုပါတယ်။

ဥပဒေဖြစ်ဖြစ်၊ စနစ်တစ်ခုကိုပဲဖြစ်ဖြစ် ဘယ်လောက်ထိ ကောင်းအောင်ရေးဆွဲထားပါစေ လိုက်ပါဆောင်ရွက်ရမယ့် သူတွေဖက်က အရည်အချင်းမပြည့်မှီရင် နောက်လာမယ့် မျိုးဆက်တွေအတွက် အန္တရာယ်ဖြစ်လာနိုင်တာကို တာဝန်ရှိသူတွေအနေနဲ့ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါလိမ့်မယ်။