လမ်းဆုံလမ်းခွမှ ကျောက်ဖြူ-ရခိုင်ပြည်၏ ကြိုးပမ်းအားထုတ်မှုနှင့် မြန်မာ့မျှခြေ အရွေ့

AA သာ ကျောက်ဖြူကို အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့မည်ဆိုပါက စစ်အာဏာပိုင်တို့၏ ဗလာအပြောစကားသည် သာ၍ ပျက်ပြားဖွယ်သာရှိသည်။ ပိုက်လိုင်းနှင့် ဆိပ်ကမ်းလုံခြုံရေးကို ဦးစားပေးသော တရုတ်သည် စစ်အစိုးရကို တစ်ခုတည်းသော မိတ်ဘက်အဖြစ် မှီခိုနေဖွယ် မရှိတော့ပေ။

By Admin 22 Aug 2025

လမ်းဆုံလမ်းခွမှ ကျောက်ဖြူ-ရခိုင်ပြည်၏ ကြိုးပမ်းအားထုတ်မှုနှင့် မြန်မာ့မျှခြေ အရွေ့

DMG | အယ်ဒီတာ့အာဘော်

ကျောက်ဖြူဟူသည်ကား မြေပုံပေါ်တွင် အမည်းစက်သာသာထက် ပိုပါသည်။ ဤဒေသသည် ရခိုင်ကမ်းရိုးတန်း၏ ဗဟိုချက်မနေရာ၊ တရုတ်၏ စွမ်းအင်စင်္ကြံ အထိုင်ချထားသည့်နေရာသာမက မြန်မာ့နိုင်ငံရေးနှင့် ဒေသတွင်း အခင်းအကျင်းများ မည်ကဲ့သို့ တစ်ကျော့ပြန်ပုံပေါ်လာသည်ကို ပြသနေသည့် သင်္ကေတတစ်ရပ်လည်း ဖြစ်ပေသည်။

အာရက္ခတပ်တော် (AA) က အပြည့်အဝ ထိန်းချုပ်နိုင်ရန် ပိုမိုနီးစပ်လာသည်နှင့်အမျှ ကျောက်ဖြူ၏ အရေးပါမှုကိုလည်း ချန်လှပ်ထားခဲ့၍ မရနိုင်တော့ပေ။ ဤဒေသ၏ ကံကြမ္မာသည် ရခိုင်ပြည် အနာဂတ်ကို အဓိပ္ပာယ်သစ် ဖွင့်ဆိုမည်သာမက မြန်မာပြည်တစ်ဝန်းအပြင် ထို့ထက်ကျော်လွန်၍ပင် ပါဝါမျှခြေကို လှုပ်ခါမည့်သဘော ရှိနေသည်။

ရခိုင်ပြည်သည် ပြင်ပမှ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု ဒဏ်ကို ခါးစည်းခံလာရသည်မှာ ဆယ်စုနှစ်များစွာ တိုင်ခဲ့ပြီ။ ကျောက်ဖြူမှ တရုတ်ပြည်အထိ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းတို့သည် ကမ္ဘာ့ကုန်သွယ်ရေးအတွက် တံခါးပေါက် အသစ်တစ်ခုအဖြစ် အာမခံချက် ရှိထားသည်။

သို့သော် ရခိုင်ပြည်သူလူထုအတွက် အကျိုးကျေးဇူးကား မဖြစ်စလောက်သာ မြင်တွေ့ရသည်။ နေပြည်တော်မှ စစ်အစိုးရသည် အဆိုပါစီမံကိန်းများကို အကာအကွယ် ပေးထားသည်ဟု ဆိုသည်။ သို့သော် ဒေသခံများကိုတော့ စစ်ပွဲ၊ နေရပ်စွန့်ခွာရမှု၊ ဆင်းရဲမွဲတေမှုတို့မှ အကာအကွယ် မပေးနိုင်ချေ။

ထို့အစား သူတို့အုပ်ချုပ်နေသယောင် ဟန်ဆောင်ထားသည့် ဒေသကို သူတို့ကိုယ်တိုင်ပင် လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းတို့ လုပ်ဆောင်ခြင်းဖြင့် ရုပ်လုံးပြလျက်ရှိသည်။

AA သာ ကျောက်ဖြူကို အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့မည်ဆိုပါက စစ်အာဏာပိုင်တို့၏ ဗလာအပြောစကားသည် သာ၍ ပျက်ပြားဖွယ်သာရှိသည်။ ပိုက်လိုင်းနှင့် ဆိပ်ကမ်းလုံခြုံရေးကို ဦးစားပေးသော တရုတ်သည် စစ်အစိုးရကို တစ်ခုတည်းသော မိတ်ဘက်အဖြစ် မှီခိုနေဖွယ် မရှိတော့ပေ။

လိုလိုလားလား ဖြစ်စေ မတင်မကျဖြစ်စေ၊ ဘေဂျင်းအနေဖြင့် AA သည် ရခိုင်ပြည်တွင် ပါဝါတစ်ရပ်အဖြစ် အခြေတည်နေပြီ ဆိုသည့် ပကတိမြေပြင်မှ အရှိတရားသစ်ကို အသိအမှတ်ပြုရတော့မည် ဖြစ်သည်။

စစ်အစိုးရအဖို့ကား ဤသည်က တရုတ်နှင့်ပတ်သက်၍ နောက်ဆုံးနိုင်ဖဲကို ဆုံးရှုံးရသည့်သဘော၊ နဂိုတည်းက လုံးပါးပါးနေသည့် တရားဝင်မှုကိုပါ အစိတ်အပိုင်း ကြီးကြီးမားမား လက်လွှတ်လိုက်ရခြင်း ဖြစ်သွားနိုင်သည်။

ရခိုင်ပြည်သူများအတွက်မူ ဤသည်က ပထဝီနိုင်ငံရေးအဆင့်ထက် ပိုသည်။ ကျောက်ဖြူကို ထိန်းချုပ်ခြင်းသည် ဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် သမိုင်းဝင် ခြေလှမ်းတစ်ရပ်အဖြစ် မှတ်ကျောက်တင်သွားမည် ဖြစ်သည်။

ရခိုင်သည် မိမိတို့သယံဇာတ၊ မိမိတို့ကမ်းရိုးတန်း၊ မိမိတို့အနာဂတ်ကို နေပြည်တော်မှ ဗိုလ်ချုပ်ကြီးများ သို့မဟုတ် ရပ်ဝေးမှ ရင်းနှီးမြှုပ်နှံသူများလက်ထဲတွင် ထည့်ထားမည့်အစား ကိုယ်တိုင် စီမံထိန်းကျောင်းနိုင်စွမ်း ရှိသည်ကို ပြသနိုင်မည် ဖြစ်သည်။

AA အတွက်ဆိုလျှင်လည်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ဖက်ဒရယ်စနစ်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြိုးပမ်းအားထုတ်မှုတွင် ကြီးကြီးမားမား ခြေကုပ်ယူနိုင်စွမ်း ရှိသွားမည်ဖြစ်သလို ပိုမို၍ တရားမျှတပြီး လူတန်းစေ့အကျုံးဝင်သည့် မြန်မာ့အပြောင်းအလဲကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အားကောင်း သွားစေမည် ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဤအပြောင်းအလဲများကို မျက်ကွယ်ပြုနေ၍ မရနိုင်ပေ။ စစ်အစိုးရကို ဆက်လက်အားပေးနေခြင်းသည် မြေပြင်တွင် အာဏာရှင်စစ်တပ် ကျရှုံးနေသည်ဆိုသည့် အရှိတရားကို ငြင်းပယ်ခြင်း ဖြစ်သည်။

စစ်ကောင်စီအား သူ့တို့ပြည်သူများကိုယ်တိုင်က မယုံကြတော့ဆိုသည့် အရှိတရားကို ငြင်းပယ်ခြင်း၊ တချိန်က ပြည်ပအကူအညီများ ဝယ်ယူရန် အသုံးချခဲ့သည့် သယံဇာတများကိုပါ လက်လွှတ်နေရပြီ ဆိုသည့် အရှိတရားကို ငြင်းပယ်ခြင်း ဖြစ်သည်။

ကမ္ဘာကြီးအနေဖြင့် မြန်မာ့အနာဂတ်ကို စစ်ဗိုလ်ချုပ်ကြီးများ ကသာ သတ်မှတ်ခြင်း မဟုတ်တော့ဘဲ ကြံ့ကြံ့ခံမှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှုတို့ဖြင့် နိုင်ငံကို တစ်ကျော့ပြန် ပုံဖော်နေကြသည့် ရခိုင်ပြည်မှ AA ကဲ့သို့ ပါဝါဗဟိုချက် အသစ်များကပါ အဓိပ္ပာယ် ဖွင့်ဆိုနေကြပြီ ဟူသည်ကို အသိအမှတ် ပြုရတော့မည် ဖြစ်သည်။

ကျောက်ဖြူသည် သမိုင်းဝင် လမ်းဆုံလမ်းခွ၌ ရောက်ရှိနေပြီဖြစ်သည်။ စစ်အစိုးရအတွက်ဆိုလျှင် ကျောက်ဖြူကို ဆုံးရှုံးရခြင်းသည် အဆန်မပါသည့် အုပ်ချုပ်ရေးအာဏာကို လှစ်ဟပြလိုက်သလို ဖြစ်သွားနိုင်သည်။

ဤသည်မှာ ရခိုင်ပြည်အတွက် လုပ်ပိုင်ခွင့်အာဏာနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးဆီသို့ ဦးတည်သည့် အလှည့်အပြောင်း တစ်ရပ် ဖြစ်လာနိုင်သည်။ မြန်မာတစ်နိုင်ငံလုံးအတွက်ဆိုလျှင်လည်း တိုင်းရင်းသားလူမျိုးများ၏ အသံများကို နှုတ်ပိတ်၍ မရနိုင်တော့သည့် နိုင်ငံရေး ချိန်ခွင်လျှာသစ်တစ်ရပ် အစပျိုးမှု၏မှတ်တိုင် ဖြစ်သွားနိုင်ပေသည်။