စစ်ကောင်စီသည် နာမည်သစ်ဖြင့် နိုင်ငံတကာ ပိတ်ဆို့မှုများကို ရှောင်ရန် ကြိုးပမ်းနေ

နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် အရေးယူခံထားရမှုများကို ရှောင်ရှားရန် အာဏာသိမ်းစစ်တပ်သည် စစ်ကော်မရှင် အမည်သစ်ဖြင့် ကြိုးပမ်းလာနေကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်သည်။

By Admin 22 Aug 2025

စစ်ခေါင်းဆောင်နှင့် ရုရှားသမ္မတတို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ရုရှားနိုင်ငံ ဗလာဒီဗိုစတော့မြို့၌ ကျင်းပသည့် အရှေ့စီးပွားရေးဖိုရမ်၏ ပြင်ပတွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ- (Sputnik/AFP)
စစ်ခေါင်းဆောင်နှင့် ရုရှားသမ္မတတို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ရုရှားနိုင်ငံ ဗလာဒီဗိုစတော့မြို့၌ ကျင်းပသည့် အရှေ့စီးပွားရေးဖိုရမ်၏ ပြင်ပတွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ- (Sputnik/AFP)

DMG ၊ ဩဂုတ် ၂၂

နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် အရေးယူခံထားရမှုများကို ရှောင်ရှားရန် အာဏာသိမ်းစစ်တပ်သည် စစ်ကော်မရှင် အမည်သစ်ဖြင့် ကြိုးပမ်းလာနေကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်သည်။

ယင်ခင်က နိုင်ငံတော်စီမံ အုပ်အုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) (SAC) နာမည်ကို ဖျက်၍ ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်တွင် အသစ်သတ်မှတ်လိုက်သော စစ်ကော်မရှင် (SSPC) အမည်အောက်မှ နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများကို ရှောင်ရှားလာနိုင်မည့် အခြေအနေရှိကြောင်း JFM က ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကော်မရှင်အမည်မှာ အမေရိကန်၊ ကနေဒါနှင့် အီးယူတို့မှ ချမှတ်ထားသော ဒဏ်ခတ်အရေးယူမှုများ ရှောင်ရှားနိုင်ရန် ကယ်ပေါက်ဖြစ်နေသောကြောင့် ယင်းအခြေအနေများကို တားဆီးရန် အမည်သစ် ပြောင်းလဲထားသည့် စစ်ကော်မရှင်ကိုပါ အရေးယူရန် လိုအပ်ကြောင်း JFM က သတိပေးထားသည်။

" အာဏာသိမ်း စစ်တပ်အပေါ်မှာ နိုင်ငံတကာရဲ့ဖိအားတွေက အမြဲတမ်းလိုလို ရှိပါတယ်။ တရုတ်၊ ရုရှားက လွဲလို့ပေါ့။ ဒါပေမဲ့ ထိရောက်မှုတော့ သိပ်မတွေ့ရဘူး။ နိုင်ငံတကာ ဆိုတာကလည်း ကိုယ်ကျိုးစီးပွားကို လိုက်ပြီးတော့ ပြည်သူတွေရဲ့ လိုအင်တွေကို လျစ်လျှူရှထားမြဲပါပဲ၊ ဒီထက် ထိရောက်တဲ့ အစီအမံတွေ လိုပါတယ်" နိုင်ငံရေးစောင့်ကြည့်နေသူ ရန်ကုန်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

လက်ရှိ စစ်ကော်မရှင်တွင် ပါဝင်သော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များနှင့် စစ်တပ် စီးပွားရေးလုပ်ငန်းများကို ၂၀၂၁ တွင် အမေရိကန်နှင့် ယူကေ၊ ၂၀၂၂ တွင် အီးယူ၊ ၂၀၂၃ တွင် ကနေဒါနိုင်ငံတို့မှ ဒဏ်ခတ်ပိတ်ဆိုမှုများ ပြုလုပ်ထားသည်။

အာဏာသိမ်းစစ်တပ်သည် ၎င်းတို့၏ နာမည်ဆိုးများနှင့် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကို ချေဖျက်ရန် ပြီးခဲ့သည့် ဇူလိုင် ၄ ရက်တွင် အမေရိကန်အခြေစိုက် လော်ဘီအဖွဲ့ (DCI Group) ကို ဒေါ်လာ ၃ သန်းပေး၍ ငှားရမ်းခဲ့ကြောင်း သိရသည်။

ယင်းနောက် စစ်ကောင်စီ အမည်မှ စစ်ကော်မရှင်အမည်ကို အစားထိုးပြောင်းလဲခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုများကို တောက်လျှောက်ပြုလုပ်၍ နိုင်ငံတကာက အသိအမှတ်ပြုရန် ကြိုးပမ်းလျက်ရှိသည်။

" အဓိကတော့ နာမည်လှလှလေးတွေကို တစ်လုံးပြီးတစ်လုံး ပြောင်းထားပေမယ့် ဒီပုတ်က ဒီပဲ ပါပဲ။ နိုင်ငံတကာမှာ ဝင်ဆံ့နိုင်ဖို့အရေး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ငါလုပ်နိုင်တဲ့ဆိုပြီးတော့ အာဏာကို ဆက်သိမ်းထားချင်တာလို့ မြင်ပါတယ် " ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

စစ်ခေါင်းဆောင်သည် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့က ပြည်သူများကို သတ်ဖြတ်မှု၊ လေကြောင်းပစ်ခတ်မှု၊ အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့် ယခင်က မွဆလင်များကို လူမျိုးတုန်းသတ်ဖြတ်မှုများ စသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်ထားသဖြင့် နိုင်ငံတကာကလည်း လက်မခံသင့်ကြောင်း ထောက်ပြနေကြသည်။

အာဏာသိမ်းစစ်တပ်သည် စစ်ကော်မရှင်အမည်သစ်ဖြင့် ရွေးကောက်ပွဲလုပ်ရန် ပြင်ဆင်နေသော်လည်း အခြားတစ်ဘက်တွင် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကို ဆက်တိုက်ကျူးလွန်လျက် ရှိသည်။

ထို့အတူ စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို တရုတ်၊ ရုရှား၊ ဘေလာရုစ်တို့က ထောက်ခံမှုကို မြင်နေရပြီး အာဆီယံဘက်ကတော့ ယခုရွေးကောက်ပွဲသည် လက်ရှိ ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ဘဲ အခြေအနေ ပိုဆိုးမည်ဖြစ်ကြောင်း ၂၀၂၅ ဇူလိုင်လအတွင်းက ပြောဆိုထားသည်။

ထို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများကလည်း စစ်ကောင်စီ ရွေးကောက်ပွဲသည် ဟန်ပြသာဖြစ်ကြောင်း ရှုတ်ချထားကြသည်။

ယနေ့အချိန်တွင် စစ်ခေါင်းဆောင်သည် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများနေစဉ် ရှိနေသဖြင့် ဒေသခံပြည်သူများ အချိန်နှင့်အမျှ သေဆုံး၊ ဒဏ်ရာရနေကြပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။