- စစ်ကောင်စီသည် နာမည်သစ်ဖြင့် နိုင်ငံတကာ ပိတ်ဆို့မှုများကို ရှောင်ရန် ကြိုးပမ်းနေ
- အိုကီနာဝါကျွန်းအနီး အမေရိကန်စစ်ရေယာဉ်ပေါ် မီးလောင်မှု ၁၂ နာရီခန့်ကြာအောင် ငြိမ်းသတ်ခဲ့ရ
- ငါးဖမ်းခွင့် ပိတ်ထားသဖြင့် ကျောက်ဖြူမြို့ခံများ စားဝတ်နေရေး အခက်ကြုံ၊ ငါးရှာသူများကို စစ်ကောင်စီ ရိုက်နှက်
- အိန္ဒိယ-ရခိုင်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားမှုကြောင့် ကုန်သည် ရာနှင့်ချီ ပိတ်မိနေ
- လမ်းဆုံလမ်းခွမှ ကျောက်ဖြူ-ရခိုင်ပြည်၏ ကြိုးပမ်းအားထုတ်မှုနှင့် မြန်မာ့မျှခြေ အရွေ့
ငါးဖမ်းခွင့် ပိတ်ထားသဖြင့် ကျောက်ဖြူမြို့ခံများ စားဝတ်နေရေး အခက်ကြုံ၊ ငါးရှာသူများကို စစ်ကောင်စီ ရိုက်နှက်
" ပိုက်တွေရော၊ ငါးမျှားတံတွေရော ဖောင်တွေကိုရော အကုန်လုံးကို မီးရှို့တယ်။ တချို့ဆို ကိုယ့်ပစ္စည်းကို ကိုယ်တိုင် မီးရှို့ရတယ်။ ရိုက်နှက်ခံရတာလည်း ရှိတယ်။ နောက်တစ်ခါ တွေ့ရင် ပစ်သတ်မယ်လို့ပြောပြီး ပြန်လွှတ်လိုက်တယ် " ဟု ဖြစ်စဉ်ကိုသိရှိသူ ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
22 Aug 2025

DMG ၊ ဩဂုတ် ၂၂
ရခိုင်မြို့သိမ်းတိုက်ပွဲများ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာက စ၍ ကျောက်ဖြူမြို့နယ်အတွင်း ပင်လယ်ပြင်၊ ကမ်းနီးကမ်းဝေး ငါးဖမ်းခွင့်များကို စစ်ကောင်စီက တားမြစ်လိုက်သည်။
သို့သော်လည်း ယခုအချိန်တွင် စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို မခံနိုင်သည့် မြို့ခံများမှာ ပင်လယ်၊ မြစ်ကမ်းစပ်နံဘေးတို့တွင် အရဲစွန့်ပြီး တပိုင်တနိုင် ငါးရှာလာကြသည်။
ယင်းသို့ ငါးရှာနေသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက်ခြိမ်းခြောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်က စေတီယျရပ်ကွက်အနီး ငါးရှာနေသူ မြို့ခံ ၈ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ရိုက်နှက်ခဲ့ပြီး ငါးဖမ်းရာတွင် အသုံးပြုသည့် ပစ္စည်းများကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။
" ပိုက်တွေရော၊ ငါးမျှားတံတွေရော ဖောင်တွေကိုရော အကုန်လုံးကို မီးရှို့တယ်။ တချို့ဆို ကိုယ့်ပစ္စည်းကို ကိုယ်တိုင် မီးရှို့ရတယ်။ ရိုက်နှက်ခံရတာလည်း ရှိတယ်။ နောက်တစ်ခါ တွေ့ရင် ပစ်သတ်မယ်လို့ပြောပြီး ပြန်လွှတ်လိုက်တယ် " ဟု ဖြစ်စဉ်ကိုသိရှိသူ ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ယခင်ကလည်း ကျောက်ဖြူမြို့နယ် သံဇစ်မြစ်နှင့် ဘင်္ဂလားပင်လယ်အဝတို့တွင် မိသားစု ငတ်မွတ်လာသဖြင့် ငါးဖမ်းအချို့ရှိလာနေခြင်းဖြစ်သည်။
ကျောက်ဖြူမြို့ခံများမှာ စေတီယျ ငလေပွေ့၊ ကညင်တော၊ ပြင်ဖြူမော်နှင့် သဗ္ဗာန်ချောင်းရပ်ကွက်အနီးရှိ မြစ်ကမ်းစပ်နံဘေးတို့တွင် ငါးရှာဖွေ၍ မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေသူတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုအပါအဝင် ငွေညှစ်မှုများလည်း မကြာခဏ လုပ်နေခြင်းလည်းဖြစ်သည်။
" စားဖို့ မရှိလို့ ကမ်းစပ်အနီးမှာ ငါးရှာတာကို အရိုက်ခံရတယ်။ ပစ်သတ်မယ်လို့လည်း ခြိမ်းခြောက်တယ်။ ကျနော်တို့က ဘာကို လုပ်ကိုင်စားသောက်ရမှာလဲ၊ မိသားစုတစ်ခုလုံးလည်း ငတ်ပြတ်နေပြီ " ဟု စစ်ကောင်စီထံ ရိုက်နှက်ခံသူ အမျိုးသားတစ်ဦးက ပြောသည်။
ထို့အတူ မြို့ခံများမှာ ကမ်းစပ်တွင် ပိုက်၊ ကွန်များအသုံးပြု၍ ငါးဖမ်းခြင်းအပါအဝင် အချို့မှာ လူနှစ်ယောက်စာ အလေးခံနိုင်သော ဝါးဖောင်ငယ်များ ပြုလုပ်၍ ကမ်းစပ်မှ လက်လံ ၂၀ ခန့်အကွာတွင် ငါးမျှားခြင်းတို့ဖြင့် မိသားစု စားဝတ်နေရေးအတွက် လုပ်ကိုင်နေကြခြင်းဖြစ်သည်။
DMG ၏ အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာမှ စ၍ လက်ရှိအချိန်ထိ မြို့အနီးက မြစ်ကမ်းစပ်တွင် ငါးရှာစဉ် ဖမ်းဆီးခံရပြီး အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသူ မြို့ခံ ၉ ဦးထက်မနည်း ရှိသည်။
၎င်းဖမ်းဆီးခံရသူများမှာ ပိုက်ဆိပ်၊ ပြင်ဖြူမော်၊ သံဗ္ဗာန်ချောင်းနှင့် အစိုးရရပ်ကွက်တို့မှ ဖြစ်ကြပြီး လူတစ်ဦးစာ အာမခံအတွက် ငွေကျပ် ငါးသောင်းနှင့် နှစ်သိန်းကြား လာဘ်ထိုး၍ လွတ်မြောက်လာခြင်း ဖြစ်သည်။
ထို့အပြင် သံဇစ်မြစ်နှင့် ဘင်္ဂလားပင်လယ်အဝတို့တွင် ငါးရှာဖွေသည်ဟုဆိုကာ ငါးဖမ်းစက်လှေများကို ဖျက်ဆီးခြင်း၊ သိမ်းဆည်းခြင်းများ အပါအဝင် ငါးဖမ်းသူများကို ဖမ်းဆီး၍ ထောင်ဒဏ်ချမှတ်ခံရသူများလည်း အမြောက်အများရှိနေသည်။
လက်ရှိ ကျောက်ဖြူမြို့နှင့် ၆ မိုင်အကွာတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများ ပြင်းထန်နေပြီး၊ အပြင်ထွက်ခွင့်မရသဖြင့် စားဝတ်နေရေး ကျပ်တည်းကာ ငတ်ပြတ်သူများလည်း ရှိနေကြောင်း သိရသည်။