စစ်အေးတိုက်ပွဲသစ်အား အာဆီယံ တံခါးပေါက်ထိ အရောက်ခေါ်လာသော မြန်မာ

မကြာသေးမီကမှ ထုတ်ပြန်လိုက်သော အာဆီယံအဖွဲ့ကြီး၏ ကြေညာချက်တွင် စိတ်ဝင်စားဖွယ်ရာ စကားအသုံးများ ပါဝင်သည်။ ယနေ့ခေတ် အဓိကအကျဆုံး ပထဝီနိုင်ငံရေး ပဋိပက္ခတွင် ရောထွေးယှက်တင် ပါဝင်နေသည့် အာရှဒေသ၏ အနေအထားကို အရိပ်အမြွက်ညွှန်ပြနေသည့် စကားလုံးများဖြစ်သည်။

By Foreign Desk 12 May 2021

Photo: Reuters

DMG ၊ မေ ၁၂
(ဘာသာပြန်ဆောင်းပါး)

မကြာသေးမီကမှ ထုတ်ပြန်လိုက်သော အာဆီယံအဖွဲ့ကြီး၏ ကြေညာချက်တွင် စိတ်ဝင်စားဖွယ်ရာ စကားအသုံးများ ပါဝင်သည်။ ယနေ့ခေတ် အဓိကအကျဆုံး ပထဝီနိုင်ငံရေး ပဋိပက္ခတွင် ရောထွေးယှက်တင် ပါဝင်နေသည့် အာရှဒေသ၏ အနေအထားကို အရိပ်အမြွက်ညွှန်ပြနေသည့် စကားလုံးများဖြစ်သည်။

နည်းလမ်းပေါင်းစုံဖြင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်မှုကို အလေးထားသည့်အနေဖြင့် အာဆီယံ၏ ကြေညာချက်၌ “တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ အမြန်ဆုံး ကျင်းပရန် ၎င်းတို့၏ နိုင်ငံခြားရေး ဝန်ကြီးများအား ညွှန်ကြားခဲ့ကြောင်း” ထည့်သွင်းဖော်ပြထားသည်။

အာဆီယံ၏ ဆွေးနွေးပွဲမိတ်ဖက် နိုင်ငံများတွင် တရုတ်နှင့် အမေရိကန်သာမက  ဂျပန်၊ ရုရှားနှင့် အိန္ဒိယတို့လည်း ပါဝင်သည်။ သို့သော် တရုတ်နှင့် အမေရိကန်တို့သည် ဒီမိုကရေစီနှင့် သက်ဦးဆံပိုင်စနစ်တို့အကြား လွန်ဆွဲနေသည့် “စစ်အေးတိုက်ပွဲသစ်” ၏ ပင်မ အစွန်းနှစ်ဖက် ဖြစ်သည်။ ယခုအခါ မြန်မာ့အာဏာသိမ်းမှုနှင့် အကြမ်းဖက်မှုများကြောင့် ထိုအစွန်းနှစ်ဘက်အား ပီပီပြင်ပြင် မြင်တွေ့နေရပြီဖြစ်သည်။

အာဆီယံ၏ မြန်မာ့အရေး ကြေညာချက်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ရန်တို့ အပါအဝင် အချက်ငါးချက် တောင်းဆိုထားသည်။ အဖွဲ့ဝင်နိုင်ငံများ၏ အိမ်တွင်းရေးကို ဝင်ရောက်မစွက်ဖက်သည့်မူ ရှိထားသော အာဆီယံအဖွဲ့အတွက် ဤတောင်းဆိုချက်များသည် ပုံမှန်မဟုတ်သည့် အရွေ့တစ်ရပ် ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဆာဆာသည် အစောပိုင်းတွင် အာဏာသိမ်းမှုဆန့်ကျင်ရေး အစိုးရအဖွဲ့မှ ကိုယ်စားလှယ်ကို မခေါ်ဘဲ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုသာ ဖိတ်ခေါ်ခဲ့သည့် အာဆီယံအဖွဲ့အား ဝေဖန်ခဲ့သည်။ သို့သော်လည်း အာဆီယံကြေညာချက် ထွက်လာချိန်တွင်မူ စိတ်အားတက်ကြွဖွယ်ရာ သတင်းဟု ခေါ်ဆိုပြီး ဆိုရှယ်မီဒီယာပေါ်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ ကြိုဆိုခဲ့သည်။

ဒေါက်တာဆာဆာသည် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုတောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးကို အမွှမ်းတင်ပြောကြားထားသည်ကို တွေ့ရသည်။ မြန်မာ့အရေး အာဆီယံဆွေးနွေးပွဲ ကျင်းပရန် အင်တိုက်အားတိုက် တွန်းအားပေးခဲ့သူများတွင် အပါအဝင်ဖြစ်သည့် ဂျိုကိုဝီသည် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ရပ်တန့်ပြီး ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရန်လည်း တိုက်တွန်းခဲ့သည်။ အာဆီယံဥက္ကဌ၏ ကြေညာချက်နှင့် ဂျိုကိုဝီ၏ မှတ်ချက်များသည် အာဆီယံအဖွဲ့အတွင်း သိမ်မွေ့သည့် အပြောင်းအလဲများ ရှိနေပြီဖြစ်ကြောင်း ဖော်ပြနေသည့် လက္ခဏာများ ဖြစ်သည်။

သို့သော် မေးစရာရှိလာသည်မှာ ထိုစကားလုံးများသည် အမှန်တကယ် အသက်ဝင်လာမည်လော ဟူသည့်အချက် ဖြစ်သည်။ ပထမဆုံး စောင့်ကြည့်ရမည်မှာ မြန်မာ့အရေးကို ညှိနှိုင်းရန်အတွက် အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်မည့် ကိစ္စ ဖြစ်သည်။

အကောင်းရလဒ် မြင်ရနိုင်ခြေမှာ အလွန်နည်းပါးသည်။ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်မည်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မငြင်းခဲ့ကြောင်း စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ သို့သော် အချိန်ကာလ ကန့်သတ်ချက်ကဲ့သို့သော အသေးစိတ်အချက်များမှာ လက်ရှိအချိန်ထိ မသိရသေးပေ။

ဝါးတားတား ဖြစ်နေသည့် နောက်တစ်ချက်မှာ ဤကြိုးပမ်းမှုတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရာနာဘာဂျီနာ ပါ မပါ ဟူသောအချက် ဖြစ်သည်။ မြန်မာစစ်တပ်သည် ရရှာနာဘာဂျီနာအား ပြည်ဝင်ခွင့် မပေးဘဲ ငြင်းဆန်ထားသည်။
 

“အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး” တောင်းဆိုချက်ကို မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်မည်ကိုလည်း တိတိပပ မသိရသေးပေ။ မြန်မာစစ်တပ်ကသာ ဆန္ဒပြသူများကို ဆက်လက်နှိမ်နင်းခြင်း၊ အာဏာသိမ်းမှုကို ဆန့်ကျင်သော လက်နက်ကိုင်အုပ်စုများနှင့် ပဋိပက္ခ ဆက်ဖြစ်ခြင်းများ လုပ်နေပါက စစ်တပ်ခေါင်းဆောင်ကို စားပွဲဝိုင်းသို့ ဖိတ်ခေါ်ခဲ့သော အာဆီယံခေါင်းဆောင်များသည် မျက်နှာပျက်ရတော့မည် ဖြစ်သည်။

အကြမ်းဖက်မှုများ ငြိမ်သွားသည် ဆိုစေဦး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ ခေါင်းဆောင်များအား ပြန်လွှတ်ကာ နိုင်ငံရေး ဆွေးနွေးပွဲ မလုပ်ပြန်လျှင်လည်း အာဏာသိမ်းမှုမှာ လက်လွန်ထားပြီးသော ကိစ္စတစ်ရပ် ဖြစ်သဖြင့် အာဆီယံအဖွဲ့သည် စစ်တပ်အား နိုင်ငံတကာ တံခါးပေါက်သို့ မိတ်ဆက်ပေးခြင်းကြောင့် ဝေဖန်ခံရနိုင်ခြေ ရှိနေပြန်သည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည့် ကမ္ဘာနိုင်ငံရေး အခင်းအကျင်း၊ အထူးသဖြင့် အာဆီယံ နိုင်ငံများအကြား အခင်းအကျင်းများသည်လည်း စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု အပြီး မကြာမီပင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် တုံ့ပြန်မှုတစ်ရပ် ပြုလုပ်ရန် ဆွေးနွေးပွဲ ကျင်းပခဲ့သည်။ သို့သော်လည်း အာဏာသိမ်းမှုကို ရှုတ်ချရန် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ အားထုတ်မှုကို တရုတ်နှင့် ရုရှားတို့က ဆန့်ကျင်ခဲ့ကြသည်။ ဤဆန့်ကျင်မှုများအား ယခုအချိန်ထိ မကျော်လွှားနိုင်သေးပေ။

ဤကဲ့သို့သော တုံ့ဆိုင်းမှုမျိုးသည် ထူးဆန်းသည်တော့ မဟုတ်ပေ။ စစ်အေးတိုက်ပွဲ ကာလတွင် အမေရိကန်နှင့် ဆိုဗီယက်တို့သည် ၎င်းတို့၏ ပဋိပက္ခများမှ အရှုပ်ထုပ်များအား ဆွေးနွေးပွဲသို့ တင်သွင်းလေ့ရှိခဲ့သည်။ ယခုလည်း မြန်မာ့အရေးသည် “စစ်အေးတိုက်ပွဲသစ်” အဖြစ် ပေါ်ထွက်လာပြီဖြစ်သည်။

အာဆီယံအဖွဲ့ကို တည်ထောင်သော အချိန်ဝန်းကျင်က အရှေ့တောင်အာရှသည် မူလ စစ်အေးတိုက်ပွဲ၏ အဓိက စစ်မြေပြင် ဖြစ်သည်။ အာဆီယံသည် အနောက်အုပ်စုနှင့် မဟာမိတ်ပြုကာ အရင်းရှင်စနစ်နှင့် အတူရပ်တည်ပြီး ကွန်မြူနစ်စနစ်ကို ဆန့်ကျင်ခဲ့သည်။

ယခုအချိန်၌ စစ်အေးတိုက်ပွဲသစ်သည်သာ ဒီမိုကရေစီနှင့် သက်ဦးဆံပိုင် ဘုရင်စနစ် အကြား လွန်ဆွဲမှုတစ်ရပ် ဖြစ်နေပါက အာဆီယံအတွက်လည်း တစ်ဘက်ဘက်နှင့် လုံးလုံးလျားလျား ပူးပေါင်းရပ်တည်ရန် အခက်အခဲ ရှိမည်ဖြစ်သည်။ အာဆီယံ ဖွဲ့စည်းပုံသည် ၎င်း၏ ကနဦးပုံစံထက် ပိုမိုကျယ်ပြန့်လာပြီ ဖြစ်သလို လမ်းကြောင်းနှစ်ရပ်လုံးသို့ တိမ်းညွတ်သော နိုင်ငံများလည်း အဖွဲ့ဝင်အဖြစ် ရှိနေသည်။

စစ်အေးတိုက်ပွဲသစ်ကတော့ အာဆီယံဆီ ရောက်လာခဲ့ပြီ။ မြန်မာ့အခြေအနေကလည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများ ကြုံနေရသည့် ကသိကအောက် အနေအထားကို ရှင်းရှင်းလင်းလင်း ပြသနေပြီဖြစ်သည်။

ရညျညှှနျး - “Myanmar conflict brings new Cold War to ASEAN's door” by Katsuhiko Meshino, NIKKEI ASIA

ဗီဒီယိုများ