“ကျွန်မအနေနဲ့တော့ ‘ဟုတ်တယ်.. ဒါ ပြည်တွင်းစစ်ပဲ’ လို့ ပြောချင်ပါတယ်” (ခရစ္စတင်းရှရာနာဘာဂျီနာ)

မြန်မာစစ်တပ်သည် နိုင်ငံအနောက်မြောက်ပိုင်း ချင်းပြည်နယ်တွင်လည်း တပ်ဖွဲ့ဝင်အင်အားများ တိုးမြှင့်ချထားပြီး နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်နေကြောင်း ကုလကိုယ်စားလှယ်က ပြောသည်။

By စောသန္တာအေး 29 Oct 2021

၂၀၂၁ ခုနှစ် မေလ ၂၈ ရက်နေ့က တိုကျိုတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခရစ္စတင်းရှရာနာဘာဂျီနာ။ (ဓာတ်ပုံ - AP/ Eugene Hoshiko)

DMG ၊ အောက်တိုဘာ ၂၉

မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်တွင်းစစ်မီး ပျံ့နှံ့လျက်ရှိကာ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့်လည်း မြန်မာစစ်တပ်အတွင်း လက်ရှိခေါင်းဆောင်များထက် ပိုမို၍ အပြုသဘောဆောင်ပြီး ငြိမ်းချမ်းသောအဖြေတစ်ရပ်ကို လိုလားသည့် ခေါင်းဆောင်အပြောင်းအလဲသို့ ဦးတည်သည့် အရေးယူမှုများ ဆောင်ရွက်သင့်ကြောင်း ရာထူးမှအနားယူတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် သုံးနှစ်ခွဲကြာ တာဝန်ထမ်းဆောင်ခဲ့သူ ခရစ္စတင်းရှရာနာ ဘာဂျီနာနှင့် အေပီသတင်းဌာနတို့ တွေ့ဆုံမေးမြန်းမှု၌ ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“နေရာတိုင်းမှာ အကြမ်းဖက်မှုတွေ တွေ့နေရတယ်။ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူး။ အကြမ်းဖက်မှု ဖြစ်ပွားနှုန်းတွေလည်း ပိုမြင့်တက်လာတယ်။ ဒါကြောင့် ကျွန်မအနေနဲ့တော့ ‘ဟုတ်တယ်.. ဒါ ပြည်တွင်းစစ်ပဲ’ လို့ ပြောချင်ပါတယ်” ဟု သူမက ဖြေကြားသည်။

မြန်မာစစ်တပ်အပေါ် အရေးယူမှုများအား နိုင်ငံများက ဆောင်ရွက်သင့်သလား၊ ကုလသမဂ္ဂက ဆောင်ရွက်သင့်သလား ဆိုသည့်အမေးကိုမူ သူမက “ဒါက သူတို့အပေါ်မှာ မူတည်ပါတယ်” ဟုဆိုသည်။

ခရစ္စတင်းရှရာနာဘာဂျီနာသည် မြန်မာနိုင်ငံ၌ သက်ဆိုင်ရာ အင်အားစုများအားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ရန်အတွက် ပြီးခဲ့သော ဇူလိုင်လ ၁၆ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကို အဆိုပြု တိုက်တွန်းခဲ့သော်လည်း အကောင်အထည် မပေါ်ခဲ့ပေ။

မြန်မာစစ်တပ်သည် အတိတ်က ပြုမူခဲ့ဖူးသည့်အတိုင်း အောင်မြင်အောင် ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည်ဟု ယူဆကြောင်း သူမက ပြောသည်။

“ဒါပေမဲ့ အခုတော့ ဒီအချက်က အဓိကမကျတော့ပါဘူး။ ဒီအတိုင်း ထပ်မဖြစ်ဖို့လည်း ကျွန်မမျှော်လင့်ပါတယ်” ဟု သူမက ဖြေကြားသည်။

၁၉၈၈ အာဏာသိမ်းမှုတွင် ပြည်သူများ သတ်ဖြတ်ခံရခြင်း၊ ထောင်ချခံရခြင်းတို့ ဖြစ်ပွားခဲ့ပြီးနောက်တွင် စစ်တပ်က နိုင်ငံကို ပုံမှန်အတိုင်း ဆက်လက် လည်ပတ်ခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ “PDF တွေက အရှုံးပေးကြမှာ မဟုတ်ဘူး” ဟု သူမက ယူဆသည်။

ပြည်သူလူထုသည့် အလျှော့ပေးခြင်း မရှိသလို PDF အုပ်စုများသည်လည်း တိုင်းရင်းသား လက်နက်ကိုင်များထံမှ စစ်ရေးအထောက်အပံ့များ ပိုမိုရရှိလာကြသည်ဟု ရှရာနာဘာဂျီနာက ပြောသည်။

ကုလသမဂ္ဂက ရရှိထားသော အချက်အလက်များ အရဆိုလျှင် လက်ရှိအချိန်အထိ မြန်မာစစ်တပ်မှ ထွက်ပြေးလာသော စစ်သည်အင်အား စုစုပေါင်း ၄၀၀၀ ခန့်ရှိနေသည်။

ကုလသမဂ္ဂသော်လည်းကောင်း၊ အာဆီယံအဖွဲ့ကြီးကသော်လည်းကောင်း မြန်မာစစ်တပ်၏ အာဏာချုပ်ကိုင်မှုကို အသိအမှတ် မပြုသေးပေ။

မြန်မာစစ်တပ်သည် နိုင်ငံအနောက်မြောက်ပိုင်း ချင်းပြည်နယ်တွင်လည်း တပ်ဖွဲ့ဝင်အင်အားများ တိုးမြှင့်ချထားပြီး နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်နေကြောင်း ကုလကိုယ်စားလှယ်က ပြောသည်။
စစ်တပ်၏ လုပ်ရပ်က ၂၀၁၇ ခုနှစ်တွင် တပ်မတော်၏ နယ်မြေရှင်းလင်းရေးကြောင့် ရခိုင်မှ မွတ်ဆလင် ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရမှုကို ပြန်လည်သတိရစရာ ဖြစ်နေကြောင်းလည်း သူမက ပြောသည်။

“ချင်းပြည်နယ်က တောင်ထူထပ်သလို ချင်းလူမျိုးတွေကလည်း သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားကြတာကြောင့် မြန်မာစစ်တပ်အတွက် ခက်ခဲမှုရှိလိမ့်မယ်လို့ မြေပြင်သတင်းတွေအရ ကျွန်မတို့ ကြားသိထားပါတယ်” ဟု သူမက ပြောသည်။

“နှစ်ဘက်လုံးမှာ ထိခိုက်ကျဆုံးမှုတွေ ဆိုးရွားစွာ ရင်ဆိုင်ရပါလိမ့်မယ်” ဟု သူမက ဆိုသည်။

ဒေသတွင်း အာဆီယံအသင်းကြီးသည် မြန်မာ့အရေးကို ကူညီဖြေရှင်းရန်အတွက် ၂၀၂၁ ဧပြီလအတွင်း အထူးအစည်းအဝေး ကျင်းပကာ ဘုံသဘောတူညီချက် ငါးရပ် ချမှတ်ခဲ့သည်။ ထိုသဘောတူညီချက်များအနက် တစ်ခုကို အကောင်အထည် ဖော်သည့်အနေနှင့် အာဆီယံကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ခဲ့သည်။

အာဆီယံကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ချိန်၌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ အင်အားစုများအားလုံးနှင့် တွေ့ခွင့် တောင်းသော်လည်း မြန်မာစစ်တပ်ဘက်က ခွင့်မပြုခဲ့ပေ။
စစ်တပ်၏ လုပ်ရပ်အပေါ် နောက်ဆက်တွဲအဖြစ် အာဆီယံအဖွဲ့ကြီးက နှစ်ပတ်လည် အာဆီယံထိပ်သီးအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ရောက်ခွင့် မပြုခဲ့ပေ။ ထို့အစား နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်တစ်ဦးကို တက်ရောက်ခွင့် ပြုခဲ့သော်လည်း မြန်မာစစ်တပ်ဘက်က လက်မခံခဲ့ပေ။

“(အာဆီယံရဲ့) လုပ်ရပ်ကတော့ တော်တော်လေးပြင်းထန်တဲ့ သတင်းစကားပါပဲ။ ဒေသတွင်း စည်းလုံးညီညွတ်မှုနဲ့အတူ မြန်မာလူထုနဲ့ တစ်သားတည်း ရပ်တည်ပေးကြမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု ကုလကိုယ်စားလှယ်က အေပီသတင်းဌာနသို့ ဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရသည့်အတွက် အာဆီယံကိုယ်စားလှယ် အာဝင်ယူဆော့သည်လည်း မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။
“အာဆီယံအထူးကိုယ်စားလှယ်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်လို့ ကျွန်မထင်ပါတယ်။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးရေး ဆက်ရှိဦးမယ်လို့လည်း ကျွန်မ မျှော်လင့်ဆဲပါ” ဟု ကုလကိုယ်စားလှယ်က မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရအား ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချကာ အာဏာရယူခဲ့ပြီးနောက် လက်ရှိ အောက်တိုဘာ ၂၇ ရက်နေ့အထိ သေဆုံးရသူ အရပ်သားစုစုပေါင်း ၁၂၁၈ ဦးရှိနေပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားသည်။ ဖမ်းဆီးခံထားရသူ စုစုပေါင်း ရ ထောင်ကျော်ရှိပြီး ဖမ်းဝရမ်းထုတ်ထားသဖြင့် တိမ်းရှောင်နေရသူ ၂ ထောင်နီးပါးရှိသည်ဟု အေအေပီပီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အေအေပီပီ၏ စာရင်းတွင် စစ်တပ်နှင့် ဆက်နွယ်သူများ သေဆုံးသည့် အရေအတွက်ကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပေ။ မြန်မာစစ်တပ်ဘက်ကလည်း အေအေပီပီက ထုတ်ပြန်သော အရေအတွက်သည် အဆမတန် ပုံကြီးချဲ့ထားခြင်းသာ ဖြစ်သည်ဟု တုံ့ပြန်ပြောကြားထားသည်။

စစ်တပ်၏ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ကြီး ပေါ်ထွက်လာခဲ့သော်လည်း ရလဒ်ကောင်းတစ်ခုတော့ ထွက်ခဲ့သည်ဟု ကုလသံတမန်က ယူဆသည်။

လူများစု ဗမာတိုင်းရင်းသားတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေအကြား “အချင်းချင်းနားလည်မှု ပိုရှိလာကြတယ်… နိုင်ငံလည်း ပိုမိုစည်းလုံးလာတယ်” ဟု သူမကပြောသည်။
ထွက်ပြေးလာသူများအား တိုင်းရင်းသားလူနည်းစုများက ကူညီစောင့်ရှောက်ပေးနေကြပြီး ဗမာများသည် အတိတ်က မွတ်ဆလင်များအား မကူညီခဲ့ကြခြင်းကို စိတ်မကောင်းဖြစ်နေကြသည်ဟု ကြားရကြောင်းလည်း သူမကဆိုသည်။

မြန်မာနိုင်ငံသာ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်လျှောက်လှမ်းနိုင်ခဲ့ပါက နောက်လာမည့် ၅ နှစ်မှ ၁၀ နှစ်အတွင်း တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် အစိုးရတစ်ရပ် ဖြစ်ထွန်းကာ လူနည်းစုများသည်လည်း ဥပဒေဖြင့် ကာကွယ်မှုရရှိခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်ခြင်းများ ရှိလာမည်ဟု မျှော်လင့်ကြောင်း ကုလသံတမန် ရှရာနာဘာဂျီနာက ပြောသည်။

“လူတိုင်း တန်းတူအခွင့်အရေး ရရှိတဲ့ ဖက်ဒရယ်မူဘောင်တစ်ရပ် ရှိလာမယ်လို့ ကျွန်မမျှော်လင့်ပါတယ်” ဟု သူမကဆိုသည်။

စောသန္တာအေး
ရည်ညွှန်း - UN envoy says ‘civil war’ has spread throughout Myanmar, AP

ဗီဒီယိုများ