တရုတ်လမ်းညွှန်မှုနဲ့ ပါကစ္စတန်ကလက်နက်တွေကို မြန်မာစစ်တပ်ဝယ်နေသလား

JF-17 တိုက်လေယာဉ်များကို ၂၀၁၅ ခုနှစ်မှစတင်ပြီး ပထမဆုံးအကြိမ် တင်သွင်းခွင့်ရသော နိုင်ငံများတွင် မြန်မာနိုင်ငံလည်းပါဝင်သည်။ ၎င်းတိုက်လေယာဉ်များသည် ဘက်စုံသုံး အပေါ့စားတိုက်လေယာဉ်များ ဖြစ်ပြီး Pakistan Aeronautical Complex နှင့် တရုတ်နိုင်ငံမှ Chengdu Aircraft Industries Corporation တို့ ပူးပေါင်းထုတ်လုပ်သော တိုက်လေယာဉ်များ ဖြစ်ကြသည်။

By ကြည်ဖြူစံ 23 Feb 2022

ဓာတ်ပုံ - Inbais

DMG ၊ ဖေဖော်ဝါရီ ၂၃

အိန္ဒိယအရှေ့ဘက် အိမ်နီးချင်းမြန်မာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့၏ စစ်ရေးပူးပေါင်းဆောင်ရွက်မှုက အရှိန်အဟုန် မြင့်တက်လာနေသည်။ မြန်မာနိုင်ငံ စစ်လက်နက်ဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးမှ အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့တစ်ဖွဲ့ မကြာခင်အတွင်း ပါကစ္စတန်သို့ သွားရောက်ရန်ရှိနေပြီး ယင်းသို့သွားရောက်ခြင်းက ပါကစ္စတန်မှတင်ပို့လာမည့် လက်နက်များကို သွားရောက်စစ်ဆေးရန်အတွက် ဖြစ်သည်။

မြန်မာစစ်တပ်အနေဖြင့် ၆၀ နှင့် ၈၁ မီလီမီတာမော်တာများ၊ M-79 လောင်ချာများနှင့် အကြီးစားစက်သေနတ် များကို ပါကစ္စတန်နိုင်ငံမှဝယ်ယူရန် စီစဉ်ထားပြီး မြန်မာနိုင်ငံမှ အကြီးတန်းအဆင့် စစ်ဘက်ဆိုင်ရာကိုယ်စားလှယ် အဖွဲ့သည် ၎င်းတို့မှာယူထားသော ကုန်ပစ္စည်းများ တင်ပို့ခြင်းမရှိသေးမီ စစ်ဆေးရန် သွားရောက်ဖို့စီစဉ်ထားကြောင်း Economic Times သတင်းရင်းမြစ်များမှ သိရသည်။

ထပ်မံသိရှိရသော သတင်းရင်းမြစ်များအရ မြန်မာစစ်တပ်သည် ပါကစ္စတန်နိုင်ငံမှ ဝေဟင်မှမြေပြင်ပစ် ဒုံးကျည်များကိုလည်း ဝယ်ယူရန် မျက်စိကျလျက် ရှိနေပြန်သည်။ အဆိုပါဒုံးကျည်များသည် မြန်မာစစ်တပ်၏ JF-17 တိုက်လေယာဉ်များအတွက် ဖြစ်သည်။ ဘေဂျင်း၏ လက်နက်ပိတ်ဆို့မှုတစ်ခုအရ မြန်မာစစ်တပ်သည် ၎င်းဒုံးကျည်များကို တရုတ်နိုင်ငံမှ တိုက်ရိုက်ဝယ်ယူခြင်း မပြုနိုင်ပေ။

JF-17 တိုက်လေယာဉ်များကို ၂၀၁၅ ခုနှစ်မှစတင်ပြီး ပထမဆုံးအကြိမ် တင်သွင်းခွင့်ရသော နိုင်ငံများတွင် မြန်မာနိုင်ငံလည်းပါဝင်သည်။ ၎င်းတိုက်လေယာဉ်များသည် ဘက်စုံသုံး အပေါ့စားတိုက်လေယာဉ်များ ဖြစ်ပြီး Pakistan Aeronautical Complex နှင့် တရုတ်နိုင်ငံမှ Chengdu Aircraft Industries Corporation တို့ ပူးပေါင်းထုတ်လုပ်သော တိုက်လေယာဉ်များ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံအားပေးမှုဖြင့် ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာ မိတ်ဘက်ဆက်ဆံရေး တိုးချဲ့ဖို့ အခွင့်အလမ်း ပိုမိုရရှိသွားခဲ့သည်ဟု အမည်မဖော်လိုသော မြန်မာ့အရေးကျွမ်းကျင်သူတစ်ဦးက ET ကိုပြောသည်။ အစ္စလာမာဘတ် အနေဖြင့် ပါကစ္စတန်နှင့် ဘေဂျင်းအကြား ရေငုပ်သင်္ဘောဆိုင်ရာ ကာကွယ်ရေးစက်မှုပစ္စည်းများ ထုတ်လုပ်ရေးတွင် ပိုမိုနက်ရှိုင်းစွာ ဆက်ဆံနိုင်ရန်မျှော်လင့်ထားပြီး တရုတ်ထုတ် စစ်လက်နက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးတွင်လည်း ပါကစ္စတန်ကို ပိုမိုဆောင်ရွက်စေလိုသည်။ နောက်ထပ်အရေးကြီးသော အချက်တစ်ခုက ပါကစ္စတန်ကာကွယ်ရေး စက်မှုလုပ်ငန်းများကို တရုတ်လက်နက်ဈေးကွက် ဖြစ်စေလိုခြင်းပင်။

ပါကစ္စတန်နှင့် မြန်မာစစ်တပ်အကြားက စစ်ဘက်ဆက်ဆံရေးကို အဓိကတွန်းအားပေးနေသူများအနက် တစ်ဦးမှာ ယခင်အာဏာရှင်ဟောင်း ဦးနေဝင်းမြေးဖြစ်သူ အေးနေဝင်းဖြစ်သည်။ အေးနေဝင်းသည် လွန်ခဲ့သောဆယ်စုနှစ် နှစ်ခုအတွင်း စစ်အာဏာရှင်များ လက်အောက်ရှိ မြန်မာ့ကာကွယ်ရေးကဏ္ဍတွင် အဓိကကျသူတစ်ဦးဖြစ်ခဲ့ပြီး မကြာသေးမီကပဲ ပါကစ္စတန်သံတမန်များနှင့် အဆက်အသွယ် ပြုလုပ်ခဲ့သည်။

ပြီးခဲ့သော စက်တင်ဘာလအတွင်း ပါကစ္စတန်ကာကွယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်ကို နှစ်ဘက်စလုံးမှ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

အဆိုပါခရီးစဉ်အတွင်း နှစ်နိုင်ငံ အဆင့်မြင့် စစ်လက်နက်ပစ္စည်းနည်းပညာဆိုင်ရာ ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြောင်းနှင့် လေယာဉ်ထိန်းသိမ်းပြုပြင်ရေး၊ ရေတပ်လက်နက်များအကြောင်း ဆွေးနွေးခဲ့ကြောင်း ET က အစီရင်ခံဖော်ပြခဲ့သည်။

ဗိုလ်မှူးချုပ်တစ်ဦး ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၁၀ ဦးပါဝင်သည့် ပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစစ်တပ် ခန့်အပ်ထားသော ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး အဆင့်မြှင့်တင်ထားသော JF-17(Block III) လေယာဉ်များနှင့် ဝေဟင်မှမြေပြင်ပစ်ဒုံးကျည်များ ရောင်းချရေး ဆွေးနွေးခဲ့ကြောင်း ET သတင်းတွင် ဖော်ပြထားပြီးလည်း ဖြစ်သည်။

မြန်မာပြည်တွင် မွတ်ဆလင်များ အကြမ်းဖက်ခံရမှုကြောင့် ပါကစ္စတန်နှင့် မြန်မာအကြား ဆက်ဆံရေးသည် ဆယ်စုနှစ်တစ်တစ်ဝက် ကျော်လာသည်အထိ မနွေးထွေးသေးပေ။ မြန်မာနိုင်ငံမှ လူမျိုးစုအချို့ကို ပါကစ္စတန်က လက်နက်တပ်ဆင် လေ့ကျင့်ပေးနေသည်ဟူသော စွပ်စွဲချက်များကြောင့်လည်း နှစ်နိုင်ငံဆက်ဆံရေးမှာ အဆင်မပြေသည့် အခြေအနေ၌ ရှိဆဲဖြစ်သည်။

ကြည်ဖြူစံ
“The Economic Times” တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Dipanjan Roy Chaudhury” ၏ “Myanmar and Pakistan in arms deal, guided by China” ကို ဆီလျော်အောင်ရေးသားသည်။

ဗီဒီယိုများ