ဆော်ဒီသတင်းထောက် ကာရှိုဂီအသတ်ခံရပြီးနောက်ပိုင်း ဆော်ဒီအိမ်ရှေ့မင်းသား ဥရောပသို့ ပထမဆုံးအကြိမ် သွားရောက်

ဆော်ဒီသတင်းထောက် ဂျမဲလ် ကာရှိုဂီအသတ်ခံခဲ့ရပြီးနောက်ပိုင်း ဥရောပသို့ ပထမဆုံးသွားရောက်သည့် ခရီးစဉ်အတွင်း ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆဲလ်မန်သည် ဇူလိုင်လ ၂၆ ရက် (အင်္ဂါနေ့) တွင် ဂရိသို့ ရောက်ရှိခဲ့သည်။ အိမ်ရှေ့မင်းသားသည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် ပြင်သစ်သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

28 Jul 2022

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆဲလ်မန်။ (ဓာတ်ပုံ - AFP)

DMG ၊ ဇူလိုင် ၂၈

ဆော်ဒီသတင်းထောက် ဂျမဲလ် ကာရှိုဂီအသတ်ခံခဲ့ရပြီးနောက်ပိုင်း ဥရောပသို့ ပထမဆုံးသွားရောက်သည့် ခရီးစဉ်အတွင်း ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆဲလ်မန်သည် ဇူလိုင်လ ၂၆ ရက် (အင်္ဂါနေ့) တွင် ဂရိသို့ ရောက်ရှိခဲ့သည်။ အိမ်ရှေ့မင်းသားသည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် ပြင်သစ်သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ဆော်ဒီနိုင်ငံရှိ အီစတန်ဘူကောင်စစ်ဝန်ရုံးတွင် ဆော်ဒီ ထောက်လှမ်းရေးများက ကာရှိဂီကို ကိုယ်လက်အင်္ဂါဖြတ်တောက်ကာ သတ်ဖြတ်ခဲ့ခြင်းသည် အင်အားကြီးအိမ်ရှေ့မင်းသားကို နိုင်ငံတကာပြစ်တင်ရှုတ်ချမှုများ ပေါ်ထွက်စေခဲ့သည်။

မင်းသားမိုဟာမက်သည် “နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များနှင့် နယ်ပယ်မျိုးစုံတွင် ပိုမိုတိုးတက်မည့်နည်း လမ်းများကိုဆွေးနွေးရန်” ပြင်သစ်နှင့်ဂရိခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ် ကြောင်း တော်ဝင်တရားရုံးက ထုတ်ပြန်လိုက်သည့် ကြေညာချက်တစ်ရပ်ကိုကိုးကား၍ ဆော်ဒီ နိုင်ငံပိုင်သတင်းအေဂျင်စီက တင်ပြထားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အာရပ်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး တစ်ခုတက်ရောက်ရန် ဆော်ဒီမြို့တော် ဂျဒါသို့ လွန်ခဲ့သည့်နှစ်ပတ်အတွင်းက လာရောက်ခဲ့စဉ် အိမ်ရှေ့မင်းသားနှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ယခုခရီးစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဘိုင်ဒန်၏ သမ္မတရွေးကောက်ပွဲမဲဆွယ်ပွဲတစ်ခုတွင် ဆော်ဒီဘုရင့်နိုင်ငံသည် ကာရှိုဂီအရေး ကြောင့် “အထီးကျန်”နိုင်ငံတစ်ခုအဖြစ်သို့ ရောက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ အငြင်းပွားဖွယ်ရာများ ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း ပြောကြားခဲ့သည်များကို ယခုတွေ့ဆုံမှုက ဖုံးလွှမ်းသွားခဲ့သည်။  

အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများက ဆော်ဒီ အထင်ကရခေါင်းဆောင် မင်းသားမိုဟာမက်သည် ကာရှိုဂီသေဆုံးစေခဲ့သည့် “စစ်ဆင်ရေး”ကို “အတည်ပြု” ခဲ့ကြောင်းနှင့် ဆိုးယုတ်သည့် လုပ်ရပ်ကို ပြစ်တင်ဝေဖန်ခဲ့သည်။ သို့သော်လည်း ဆော်ဒီအစိုးရက ၎င်းတို့လုပ်ရပ်မဟုတ်ကြောင်း ငြင်းဆန်ထားခဲ့သည်။

အိမ်ရှေ့မင်းသား၏ခရီးစဉ်တွင် ဝန်ကြီးသုံးဦးနှင့် စီးပွားရေးလုပ်ငန်းကြီးများ၏ ကိုယ်စားလှယ်အစု အဖွဲ့တို့ လိုက်ပါမည်ဖြစ်ပြီး ဂရိဝန်ကြီးချုပ် ကရီရာကိုစ့် မစ်ဆိုတာကီစ်နှင့် အေသင်တွင်တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ဂရိနိုင်ငံပိုင် ရုပ်သံ အီးအာတီ၏ တိုက်ရိုက်သတင်း တင်ဆက်မှုက တစ်ဆင့်သိရသည်။

ဗီဒီယိုများ