ဒီမိုကရေစီအရေးလှုပ်ရှားသူ လေးဦးကို ကွပ်မျက်မှု ကုလအတွင်းရေးမှူးချုပ် ပြင်းပြင်းထန်ထန်ရှုတ်ချ ဟုဆို

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး လှုပ်ရှားသူလေးဦးကို စစ်တပ်က ကွပ်မျက်လိုက်သည့်အပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် ဖာရင်ဟက်က ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

27 Jul 2022

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်။ ဓာတ်ပုံ - Reuters

DMG ၊ ဇူလိုင် ၂၇

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး လှုပ်ရှားသူလေးဦးကို စစ်တပ်က ကွပ်မျက်လိုက်သည့်အပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် ဖာရင်ဟက်က ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

“သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းသားများအား ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုထားချက်ကိုလည်း အထွေထွေအတွင်းရေးမှူးချုပ်က ထပ်မံပြောကြားလိုက်ပါသည်” ဟု ကုလကထုတ်ပြန်သည့် ကြေညာချက်တွင် ဖာရင်ဟက်က ထည့်သွင်းပြောကြားထားသည်။

“မည်သည့်အခြေအနေမျိုးတွင်မဆို” သေဒဏ်ပေးစီရင်ခြင်းကို ကုလအကြီးအကဲက ဆန့်ကျင်ပါသည်ဟုလည်း ဖာရင်ဟက်က ပြောကြားသည်။

အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင်ပါဝင်ကျူးလွန်ခြင်း တို့ကြောင်း သေဒဏ်ချမှတ်ခံထားရသည့် ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့အား ပြစ်ဒဏ်စီရင်ပြီးဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဇူလိုင်လ ၂၅ ရက်နေ့က ဖော်ပြခဲ့သည်။

သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ ဗြိတိန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂအထူးကိုယ်စားလှယ် တို့ကလည်း အဆိုပါကွပ်မျက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပူးတွဲကြေညာချက်တစ်ရပ်ကို ဇူလိုင်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ကွပ်မျက်မှုအပေါ် နိုင်ငံတကာ၏ တုံ့ပြန်ချက်များအား ပယ်ချခဲ့သလို တရားခံ (၄) ဦးအား ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည့်အတွက် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခဲ့ခြင်းဟု ဇူလိုင်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အကြမ်းဖက်လုပ်ရပ်များကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့ကြသည့် အပြစ်မဲ့ပြည်သူများနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအခြေခံ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရခြင်းများကို လျစ်လျူရှုပြီး ယခုကဲ့သို့ တစ်ဖက်သတ် ထုတ်ပြန်ခဲ့သည့် ကြေညာချက်များကို ကန့်ကွက်ပယ်ချသည်ဟုလည်း အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၁၁၇၈၂ ဦးရှိကာ သေဆုံးသူ စုစုပေါင်း ၂၁၂၀ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ