အရှေ့တောင်အာရှနိုင်ငံရေးအပေါ် ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှု

ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် အာဏာရှင်များ ပေါ်ပြူလာဖြစ်လာခဲ့ပြီး လူထုလွတ်လပ်ခွင့်ကို ပျက်ပြားစေခဲ့လေတော့သည်။ ထိုင်းနိုင်ငံ အထူးသဖြင့် မြန်မာနိုင်ငံတွင်လည်း စစ်အာဏာရှင်များက ဒီမိုကရေစီ ပျက်ပြားသွားအောင် ပြင်းပြင်းထန်ထန်ဖြိုခွဲခဲ့သည်။

By Admin 12 Oct 2022

အရှေ့တောင်အာရှနိုင်ငံရေးအပေါ် ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှု

ဓာတ်ပုံ - Getty Images

DMG ၊ အောက်တိုဘာ ၁၂

ပြီးခဲ့သော ၁၅ နှစ်တာကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများ၏ နိုင်ငံရေးစနစ်ရပ်တန့်သွားခဲ့ပြီး ဒီမိုကရေစီ ရောင်ခြည်သန်းနေမှုများ ပျက်ပြယ်သွားခဲ့သည်။ ထို့နောက်မှာတော့ ၂၀၂၀ ခုနှစ်တွင် ကိုဗစ်ကပ်ဆိုးကြီးကျ ရောက်လာခဲ့ပြန်သဖြင့် ၎င်းကပ်ဆိုးကြီးကို တွန်းလှန်ရန် ရုန်းကန်ခဲ့ကြရပြန်သည်။

လက်ရှိအချိန်မှာတော့ အရှေ့တောင်အာရှဒေသသည် ကြီးမားပြင်းထန်သော ကိုဗစ်လှိုင်းလုံးကြီးများကို ရင်ဆိုင်ခဲ့ရပြီးနောက် ဆက်လက်လည်း ရင်ဆိုင်နေရတုန်းပင်။ ကိုဗစ်လှိုင်းသစ်ကြောင့် လူဦးရေများစွာ သေကြေပျက်စီးခဲ့ရပြီး စီးပွားရေးအကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ကပ်ရောဂါကိုတိုက်ဖျက်ရန် အရေးပေါ်ဥပဒေများ ထုတ်ပြန်ခဲ့ရပြီး နိုင်ငံရေးအခင်းအကျင်းကလည်း လူ့အခွင့်အရေးများနှင့် ဆန့်ကျင်ဘက်အရပ်ဆီ တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်လာခဲ့ တော့သည်။

အရှေ့တောင်အာရှ၏ လက်ရှိနိုင်ငံရေးလမ်းကြောင်းက မည်သို့ရှိနေသနည်း
၁၉၈၀ ပြည့်လွန်ကာလများနှင့် ၂၀၀၀ ခုနှစ်အစောပိုင်းကာလအတွင်း အရှေ့တောင်အာရှသည် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီလှိုင်းလုံးကြီး၏ ဗဟိုချက်တွင်ရှိနေခဲ့သည်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်း စသော နိုင်ငံများအားလုံး ဒီမိုကရေစီနိုင်ငံများ ဖြစ်လာခဲ့ကြသည်။ အရှေ့တီမောနိုင်ငံဟု ခေါ်လေ့ရှိသော တီမောလက်စ်တီ (Timor-Leste) သည်လည်းပဲ အင်ဒိုနီးရှားမှ ခွဲထွက်ပြီးနောက် ဒီမိုကရေစီနိုင်ငံဖြစ်လာခဲ့သည်။  ကမ္ဘောဒီးယား၊ မလေးရှားနှင့် မြန်မာနိုင်ငံတို့သည်လည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ စတင်လာခဲ့သည်။

သို့သော် ၂၀၀၀ ခုနှစ်များနှောင်းပိုင်းကာလမှစ၍ ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေးမှာ နောက်ပြန်ဆုတ်သွားခဲ့ပြီး အရှိန်အဟုန်ဖြင့်စုစည်းသွားမိကာ ကမ္ဘာ့ဒီမိုကရေစီဖောက်ပြန်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပုံပေါ်သည်။

ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် အာဏာရှင်များ ပေါ်ပြူလာဖြစ်လာခဲ့ပြီး လူထုလွတ်လပ်ခွင့်ကို ပျက်ပြားစေခဲ့လေတော့သည်။ ထိုင်းနိုင်ငံ အထူးသဖြင့် မြန်မာနိုင်ငံတွင်လည်း စစ်အာဏာရှင်များက ဒီမိုကရေစီ ပျက်ပြားသွားအောင် ပြင်းပြင်းထန်ထန်ဖြိုခွဲခဲ့သည်။

ဂျိုကိုဝီ ဟုလည်းလူသိများသော အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို ကဲ့သို့သော အလားအလာရှိသည့် ပြုပြင်ပြောင်းလဲရေးသမားများသည် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရာတွင် တုန်လှုပ်ဖွယ်ရာဖြစ်ခဲ့ပြီး ဒီမိုကရေစီဆန့်ကျင်ရေး သမားများကို တစ်ဖန်ပြန်ပြီး အာဏာအပ်နှင်းခဲ့သည်။ ဗီယက်နမ်ကဲ့သို့သော နိုင်ငံက ပို၍ အာဏာရှင်ဆန်လာခဲ့ပြီး ဒေသတွင်း အဖိနှိပ်ဆုံးနိုင်ငံဖြစ်လာခဲ့သည်။

ဒေသတွင်းတွင် အဓိကအဖွဲ့အစည်းဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကလည်း စစ်အာဏာသိမ်းမှုများနှင့် အခြားသော ဒီမိုကရေစီဘက်ကန်မှုများတွင် အနည်းငယ်မျှသာ ဆောင်ရွက်နိုင်ခဲ့သည်။ လက်ရှိအချိန်မှာတော့ အရှေ့တီမောနိုင်ငံ တစ်နိုင်ငံတည်းသာ အရှေ့တောင်အာရှ၏ တစ်ခုတည်းသော လွတ်လပ်သည့် ဒီမိုကရေစီနိုင်ငံအဖြစ် ကျန်ရစ်နေခဲ့သည်။

နိုင်ငံအုပ်ချုပ်ရေးအာဏာကို ပို၍ရယူနိုင်ရန် နိုင်ငံခေါင်းဆောင်များက ကိုဗစ်ကို အသုံးချခဲ့ပြန်သဖြင့် ကပ်ရောဂါက အဆိုပါနောက်ပြန်လှည့်မှုကို ပိုပြီး အရှိန်မြှင့်တင်ပေးခဲ့သည်။
 

ကိုဗစ်ကို အရှေ့တောင်အာရှနိုင်ငံများက မည်ကဲ့သို့ ကိုင်တွယ်ခဲ့သနည်း
ကိုဗစ်အစပိုင်းမှာတော့ ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်စွမ်းရှိခဲ့ပါသည်။ ကပ်ရောဂါ၏ ပထမနှစ်မှာတော့ အရှေ့တောင်အာရှ နိုင်ငံအများစုသည် ကိုဗစ်ကို အန္တရာယ်ကင်းစွာဖြင့် လွတ်မြောက်လာခဲ့ကြသည်။ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့အနေဖြင့် ရောဂါဖြစ်ပွားကူးစက်မှုကို ကြီးကြီးမားမား ရင်ဆိုင်ခဲ့ရသော်လည်း စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် ဆင်းရဲနွမ်းပါးသော မြန်မာနိုင်ငံတို့မှာတော့ ရောဂါကူးစက်မှု နည်းပါးနေခဲ့သေးသည်။ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခေါင်းဆောင်များက ဗိုင်းရပ်စ်ကို ပြန်လည်ဆန့်ကျင်နိုင်ရန် ပြည်သူများအပြင်ထွက်လျှင် Mask တပ်ဆင်ရန် လှုံ့ဆော်ပေးသည့်အပြင် ထိတွေ့ကွင်းဆက်ရှာဖွေခြင်း၊  နယ်စပ်များပိတ်ပစ်ခြင်းနှင့် ကွာရန်တင်းဝင်ရခြင်း စသည့် ထိရောက်သောမူဝါဒများ ချမှတ်ခဲ့သည်။

သို့သော်ငြား ၂၀၂၁ ခုနှစ်မှာတော့ အရှေ့တောင်အာရှအစိုးရများ၏ ပြောင်းလဲလိုစိတ်နည်းပါးခြင်းနှင့် ဖိနှိပ်မှုများက ဗိုင်းရပ်စ်ကို ဆန့်ကျင်တိုက်ဖျက်ရာတွင် အဟန့်အတားဖြစ်လာခဲ့သည်။ အစကနဦးမှာတော့ ဒေသတွင်းအာဏာရှင်များက နယ်စပ်များကို ပိတ်ပစ်ခြင်းနှင့် ဗဟိုထိန်းချုပ်မှုအပေါ် မှီခိုနေရသည့် အခြားသောနည်းပညာများဖြင့် ကိုဗစ် - ၁၉ အပေါ် စီမံခန့်ခွဲနိုင်စွမ်း ရှိခဲ့သော်လည်း ကူးစက်မှုပို၍မြန်ဆန်သော Delta မျိုးကွဲနှင့် ကာကွယ်ဆေးရရှိရန် စိန်ခေါ်မှုများကြောင့် ခြောက်ခြားစရာဖြစ်လာခဲ့သည်။

၎င်းတို့ပြည်သူများကို ကာကွယ်ဆေးထိုးပေးနိုင်ရန် အတွက်ကိုလည်း အရှေ့တောင်အာရှနိုင်ငံများ ရုန်းကန်ခဲ့ကြရ ပြန်သည်။ ဒေသတွင်းနိုင်ငံ ၁၁ နိုင်ငံတွင် ၃ နိုင်ငံက ၎င်းတို့လူဦးရေ ၆၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးထိုးနှံ ပေးနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပဲ ဗီယက်နမ်လိုနိုင်ငံမျိူးကလည်း ပိုပြီးဆီလျော်မည့် ကူးစက်ရောဂါဆိုင်ရာ ဗျူဟာတစ်ခုဖြစ်သော “ကိုဗစ်-ဇီးရိုး” ပေါ်လစီထံ ချဉ်းကပ်နိုင်ရန် ကြိုးစားရုန်းကန်နေခဲ့သည်။

မကြာခဏဆိုသလို ကူးစက်ရောဂါဗျူဟာပိုင်းဆိုင်ရာ အရေးနိမ့်ရခြင်းများသည် အကျင့်ပျက်ခြစားလေ့ ရှိသော သက်ဦးဆံပိုင်နိုင်ငံရေးစနစ်မှ ပေါက်ဖွားလာခြင်း သို့မဟုတ် ခေါင်းဆောင်များသည် ဗိုင်းရပ်စ်ကို တိုက်ခိုက်ရန်ထက် အချင်းချင်းလှည့်ပတ် လက်ညှိုးထိုးရန်ဖြစ်ပြီး အချိန်ဖြုန်းနေရသော နိုင်ငံရေးအခြေအနေများမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ ထိုင်းအစိုးရအနေဖြင့် မူလက ပြည်တွင်းကာကွယ်ဆေး ထုတ်လုပ်သည့်ကုမ္ပဏီကို ထိုင်းဘုရင်ထိန်းချုပ် ထားသော ကုမ္ပဏီသို့လွှဲပြောင်းပေးခဲ့ရပြီး စစ်မှန်သော ကာကွယ်ဆေးထုတ်လုပ်သည့် အတွေ့အကြုံမရှိသည့် အတွက် အခက်အခဲများဖြင့်ရင်ဆိုင်ခဲ့ရပြီး အရှိန်မြှင့်တင် ထုတ်လုပ်ရန်အတွက် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသည်။

မြန်မာစစ်တပ်ကတော့ အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်အာဏာ သိမ်းယူလိုက်သဖြင့် ယခင်အစိုးရ ဆောင်ရွက်စီမံထားခဲ့သမျှ သဲထဲရေသွန်ဖြစ်ခဲ့ကာ နိုင်ငံရေးအတိုက်အခံများထံမှ ကာကွယ်ဆေးများကို သိမ်းယူပစ်လိုက်သည်။ ပြီးခဲ့သည့်နှစ်အတွင်း မလေးရှားနိုင်ငံရေးသမားများသည် ကပ်ရောဂါဖြေရှင်းဖို့ ပျက်ကွက်ခဲ့ကြပြီး မိမိတို့ ပါလီမန်ညွှန့်ပေါင်းအဖွဲ့အချင်းချင်း ဖြုတ်ချရန်နှင့် ကပ်ရောဂါဆိုင်ရာ အရေးပေါ်အမိန့်စာများကို အသုံးချပြီး ၎င်းတို့၏ နိုင်ငံရေးအာဏာကို မြှင့်တင်ရန် ကြိုးစားခြင်းဖြင့် အချိန်ဖြုန်းခဲ့ကြသည်။

အရှေ့တောင်အာရှတွင် ကူးစက်မှုမည်မျှ ပြင်းထန်ခဲ့သနည်း
၂၀၂၁ ခုနှစ်အတွင်း အရှေ့တောင်အာရှနိုင်ငံများသည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး ကိုဗစ်ဖြစ်ပွားမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး အပြင်းအထန်ရုန်းကန်ခဲ့ရသည်။

မြန်မာနိုင်ငံကတော့ ကိုဗစ်အပြင် စစ်တပ်၏ အာဏာသိမ်းယူမှုကြောင့် ကျရှုံးနိုင်ငံဖြစ်လာခဲ့သည်။ ကိုဗစ်ကူးစက်မှု အပြင်းထန်ဆုံးကာလများအတွင်း ကူးစက်လူနာများသည် အောက်ဆီဂျင်မလုံလောက်မှု၊ ဆေးဝါးနှင့် ကာကွယ်ဆေး မရရှိမှုတို့ကြောင့် ဆေးရုံမရောက်ဘဲ မိမိတို့နေအိမ်များတွင်ပင် သေဆုံးခဲ့ကြရသည်။ မလေးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် တစ်ဦးချင်း နေ့စဉ်ရောဂါကူးစက်မှု အများဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ရောဂါကူးစက်မှုနှုန်းက တစ်ရက်လျှင် တစ်သောင်းနီးပါးဖြင့် စံချိန်တင်ခဲ့သည်။
Economist မှ မကြာသေးခင်က လေ့လာထားသောလေ့လာမှုများအရ အရှေ့တောင်အာရှ နိုင်ငံများတွင် ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး ကိုဗစ်ကြောင့်လူသေဆုံးမှု ၂၁၇၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းထားသော်လည်း အမှန်တကယ် သေဆုံးသော ကိန်းဂဏန်းပမာဏမှာ ၂ ဒဿမ ၅ မှ ၈ ဆအထိ မြင့်မားနိုင်ကြောင်း အကြံပြုထားသည်။

ကိုဗစ်ကြောင့်ထိခိုက်ပျက်စီးမှုများက နိုင်ငံရေးအပေါ် မည်သို့အကျိုးသက်ရောက်ခဲ့သနည်း
ကပ်ရောဂါခေတ်သည် ၁၉၉၀ ခုနှစ်များနောက်ပိုင်း အရှေ့တောင်အာရှတွင် အကြီးမားဆုံးသောနိုင်ငံရေး အပြောင်းအလဲများ ဖြစ်လာစေရန် လှုံဆော်ပေးခဲ့လေသည်။ အာဏာရှင်များ ထိန်းချုပ်ထားသော နေရာမျိုးမှာပင် ဗိုင်းရပ်စ် ကိုင်တွယ်မှုမထိရောက်သောကြောင့် ၎င်းတို့ခေါင်းဆောင်မှုများ၏ တရားဝင်မှုကို ထိခိုက်စေခဲ့သည်။

ကိုဗစ်ကူးစက်ပျံ့နှံ့မှု နောက်ဆက်တွဲ စီးပွားရေးထိခိုက်မှုများကြောင့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်း နိုင်ငံတို့တွင် ယခင်ကတည်းက ရှိထားခဲ့ပြီးသော မညီမျှမှုများကြောင့် ပြည်သူများ၏ဒေါသများ ပိုမိုမြှင့်တက်လာခဲ့ပြီး အစိုးရအပေါ် စိတ်ပျက်လက်ပျက်ဖြစ်လာခဲ့သည်။ ဆန္ဒပြပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် ကြီးမားသော ဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့ပြီး မလေးရှားနိုင်ငံတွင်လည်း ၂၀၂၁ အစောပိုင်း ကာလများအတွင်း အစိုးရအဖွဲ့ပြိုလဲခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးအရ တိုက်ခိုက်မှုများကြောင့် ပြည်သူများက အစိုးရအပေါ်ဒေါသထွက်ခဲ့ကြ၍ ဖြစ်သည်။

သာမန်အားဖြင့်ကြည့်လျှင် တည်ငြိမ်သောစင်္ကာပူသည်ပင် အာဏာအများစုရှိထားသော PAP ပါတီက ကပ်ရောဂါ ဖြစ်ပွားနေသော ကာလအတွင်းမှာပဲ ရွေးကောက်ပွဲကျင်းပပြီး ပြန်လည်အရွေးခံခဲ့သော်လည်း အတိုက်အခံများက မဲရလာဒ်ပိုမိုကောင်းမွန်ခဲ့ပြီး ပြီးခဲ့သောရွေးကောက်ပွဲထက် မဲစုစုပေါင်း၏ ရာခိုင်နှုန်းပိုများခဲ့သည်။

တစ်ချိန်တည်းမှာပင် အာဏာရှင်သက်ဦးဆံပိုင် ခေါင်းဆောင်များက ၎င်းတို့အာဏာရရှိရန် လွန်ခဲ့သောနှစ်များစွာက တည်းက ကြိုးစားနေခဲ့ခြင်းနှင့်လည်း တိုက်ဆိုင်နေပြန်သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က သူ့အနေဖြင့် နောက်ထပ် ၁၀ နှစ် ထပ်မံအုပ်ချုပ်နိုင်သည်ဟု ပြောဆိုခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံမှ ဂျိုကိုဝီကလည်း ဖွဲ့စည်းပုံပြင် ဆင်ရေးတွန်းအားပေးလုပ်ဆောင်ရန် အရိပ်အမြွက်ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတများအနေဖြင့် သက်တမ်းနှစ်ခုသာ တာဝန်ထမ်းဆောင်ရန် ကန့်သတ်ခံထားရသည်။ သို့သော် ယင်းကဲ့သို့မလိုက်နာနိုင်ဟု ဂျိုကိုဝီက ငြင်းဆိုထားသည်။

ယင်းသို့သောအခြေအနေမျိုးမှာပင် မြန်မာစစ်တပ်က အာဏာသိမ်းယူခဲ့ပြီး ဆန့်ကျင်ဆန္ဒပြကြသော ပြည်သူများကို သတ်ဖြတ်ခြင်းများ လုပ်ဆောင်လာခဲ့သည်။ ထိုင်းနိုင်ငံ၏ စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အစိုးရတို့ကလည်း သဘောထား မတူသူများကို တားဆီးနိုင်ရန်အတွက် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို အသုံးပြုခဲ့လေသည်။

အရှေ့တောင်အာရှ၏ ဒီမိုကရေစီနောက်ပြန်ဆုတ်မှုကို ပြန်လည်တားဆီးနိုင်မည်လား
ဖြစ်နိုင်ချေရှိပါသည်။ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်နှင့် ဘရာဇီးသမ္မတများအပါအဝင် အရှေ့တောင်အာရှဒေသ အပြင်ဘက်မှ ခေါင်းဆောင်များ၏ မအောင်မြင်သော ကူးစက်ရောဂါဆိုင်ရာမူဝါဒများ ကျရှုံးခဲ့သဖြင့် ၎င်းတို့၏ ခေါင်းဆောင်များကိုဖြုတ်ချရန် သို့မဟုတ် အပြင်းအထန်ဆန့်ကျင်ရန် ဘက်ဆီသို့ ဦးတည်စေခဲ့သည်။ အရှေ့တောင်အာရှ နိုင်ငံအများအပြားသည် အမေရိကန် သို့မဟုတ် ဘရာဇီးနိုင်ငံတို့ထက်ပိုသည့် ဖိနှိပ်ချုပ်ချယ်မှုများပိုမိုခဲ့ပြီး ကပ်ရောဂါကလည်း အလွန်ကိုပင် အပျက်သဘောဆောင်သော နိုင်ငံရေးအပြောင်းအလဲများကို ဖြစ်ပေါ်စေခဲ့ပါသည်။

အရှေ့တောင်အာရှ၏ တောက်ပမှုမရှိ ညှိုးနွမ်းခြောက်သွေ့နေသော အစိုးရများအနေဖြင့် ကွဲပြားခြားနားသော နိုင်ငံရေးဖြစ်ရပ်မှန်များကို ရင်ဆိုင်နေကြရသည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့၏ ခေါင်းဆောင်များက အင်အားသုံး အကြမ်းဖက်အုပ်ချုပ်မှုဖြင့် နိုင်ငံကို အုပ်စိုးထားနိုင်ခဲ့သော်လည်း အရှေ့တောင်အာရှရှိ နိုင်ငံရေးသမားအများစုကတော့ ယင်းကဲ့သို့ လိုက်ပါဆောင်ရွက်ခြင်း မရှိကြပေ။ ၎င်းတို့အနေဖြင့် လူကြိုက်များထင်ရှားသည့် တရားဝင်မှုကို အတိုင်းအတာတစ်ခုအထိ လိုအပ်ပါသည်။ ထို့ကြောင့်လည်း အလုံးစုံလွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်သည့်တိုင် အာဏာရပါတီများ ဆုံးရှုံးနိုင်ခြေရှိသည့် ရွေးကောက်ပွဲများ ကျင်းပဖို့လိုအပ်သည်။

ဒေသတွင်းရှိ မဲဆန္ဒရှင်များ အမှန်တကယ်လိုအပ်နေသည်က နိုင်ငံရေးပါတီဝင်ဖြစ်မှုနှင့် ဖိနှိပ်မှုတို့မဟုတ်ကြပေ။ ထို့ထက်ပို၍ ၎င်းတို့လိုအပ်နေသည်က နိုင်ငံရေးအရလည်း ထိရောက်မှုရှိပြီး  ပြည်သူ့ကျန်းမာရေးဗျူဟာများကို ဦးစားပေးလုပ်ဆောင်မည့် နိုင်ငံရေးခေါင်းဆောင်များကိုသာ လိုလားတောင့်တနေကြပါသည်။ သို့သော် လက်ရှိခေါင်းဆောင်များကတော့ ဤစမ်းသပ်မှုကို မကျော်ဖြတ်နိုင်ဟု မြင်နေကြသည်။

နိုင်ငံသားများအနေဖြင့် လူကြိုက်များခြင်းလည်း မရှိသည့်အပြင် ဖိနှိပ်ချုပ်ချယ်သော အစိုးရများကို ဖယ်ထုတ်ဖြုတ်ချဖို့ ဆိုသည်ကလည်း ဖြစ်နိုင်ပါသည်။ အထိရောက်ဆုံးဗျူဟာတစ်ခုမှာ နိုင်ငံသားများကို ရေရှည်စုစည်းနိုင်ဖို့ဖြစ်သည်။ အရှေ့တောင်အာရှဒေသသည် အရည်အချင်းရှိသော ခေါင်းဆောင်မှုနှင့် အုပ်ချုပ်မှုကို ငတ်မွတ်နေသည်မှာ ကြာမြင့်ခဲ့ပေပြီ။ ထိုကဲ့သို့သောဒေသအတွင်း နိုင်ငံရေးကိုမည်ကဲ့သို့ ပြန်လည်ပုံသွင်နိုင်သနည်း ဆိုရာတွင် လက္ခဏာတစ်ရပ်မှာ မဟာမိတ်ပြုရေးဖြစ်သည်။

မကြာသေးမီကပဲ မလေးရှားနိုင်ငံတွင် နှစ်ရှည်လများလွှမ်းမိုးထားသော ပါတီဖြစ်သည့် UMNO(United Malays National Organization) သည် ကပ်ရောဂါတိုက်ဖျက်ဖို့ ဗျူဟာသစ်များ ဖော်ဆောင်နိုင်ရန် မဟာမိတ်ဖွဲ့ခဲ့သည်။ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သည့်တိုင် ထိရောက်မှုမရှိသည့် အစိုးရလုပ်ဆောင်ချက်များထက် ယင်းအပြောင်းအလဲက လူကြိုက်များလာခဲ့လေသည်။ လာမည့် ဒီဇင်ဘာတွင်ကျင်းပမည့် မလေးရှားနိုင်ငံ ရွေးကောက်ပွဲတွင် မလေးရှား နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးသမားများ အာဏာရရှိလာနိုင်ချေ ပိုများသော အနေအထားတွင် ရှိနေပါသည်။

ထို့အပြင် အရှေ့တောင်အာရှရှိ တက်ကြွလှုပ်ရှားသူများအနေဖြင့် လွတ်လပ်သော သတင်းမီဒီယာများ၊ အဂတိတိုက်ဖျက်ရေး ကော်မရှင်များနှင့် ဘက်မလိုက်တရားစီရင်ရေး စနစ်များကဲ့သို့သော အဖွဲ့အစည်းများအား ၎င်းတို့အနေဖြင့် ထပ်မံဖျက်ဆီးလိမ့်မည်မဟုတ်ကြောင်း ပြည်သူကို ကတိပေးခြင်းဖြင့် ဒီမိုကရေစီနောက်ပြန်ဆုတ်မှုကို ရပ်တန့်နိုင်ပေလိမ့်မည်။

ကြည်ဖြူစံ
“CRF” တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Joshua Kurlantzick”ရေးသားသော “Is COVID-19 Shaking Up Politics in Southeast Asia?”ကို ဆီလျော်အောင်ရေးသားသည်။

ဗီဒီယိုများ