အာရှတွင် ကိုရိုနာကြောင့် သေဆုံးသူ တစ်သိန်းကျော်ပြီ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ စတင်ခဲ့သည့် ၂၀၁၉ ဒီဇင်ဘာလမှ စတင်၍ အာရှတွင် လက်ရှိအချိန်အထိ ဗိုင်းရပ်စ်နှင့်ဆက်စပ်ရောဂါများကြောင့် သေဆုံးသူစုစုပေါင်းသည် တစ်သိန်းကျော်သွားပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 05 Sep 2020

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ဖြင့်သေဆုံးသူ တစ်ဦးအား ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ စေတနာ့ဝန်ထမ်းများက သယ်ယူလာသည်ကို ၂၀၂၀ ဇွန်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - AFP/Arun Sankar)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ စတင်ခဲ့သည့် ၂၀၁၉ ဒီဇင်ဘာလမှ စတင်၍ အာရှတွင် လက်ရှိအချိန်အထိ ဗိုင်းရပ်စ်နှင့်ဆက်စပ်ရောဂါများကြောင့် သေဆုံးသူစုစုပေါင်းသည် တစ်သိန်းကျော်သွားပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အာရှဒေသတွင်း ကြာသပတေးနေ့အထိ စစ်ဆေးအတည်ပြုထားသော ကူးစက်မှုစုစုပေါင်း ၅ သန်းခွဲ (၅,၄၂၀,၈၀၃) ရှိပြီး သေဆုံးမှုစုစုပေါင်း ၁၀၀,၆၆၇ ဦးရှိသည်။ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ပြန်လည်ကောင်းမွန်လာသူ ၄,၂၅၅,၇၆၀ ဦးရှိသည်။

အိန္ဒိယနိုင်ငံတွင် သေဆုံးသူဦးရေ အများဆုံးဖြစ်ပြီး အာရှတွင်းသေဆုံးမှု စုစုပေါင်း၏ ၃ ပုံ ၁ ပုံခန့်ဖြစ်သည့် ၆၇,၃၇၆ ဦးမှာ အိန္ဒိယမှဖြစ်သည်။ အိန္ဒိယတွင် လက်ရှိအချိန်အထိ ကူးစက်မှုစုစုပေါင်း ၄ သန်းနီးပါး (၃,၈၅၃,၄၀၆) ရှိပြီး ကူးစက်မှု အာရှတွင် အများဆုံး၊ ကမ္ဘာနိုင်ငံများအနက် အမေရိကန်နှင့် ဘရာဇီးပြီးလျှင် တတိယအများဆုံး ဖြစ်သည်။

အိန္ဒိယပြီးလျှင် ဒုတိယ သေဆုံးမှုအများဆုံးမှာ အင်ဒိုနီးရှားဖြစ်ပြီး ကူးစက်မှု နှစ်သိန်းနီးပါးအနက် သေဆုံးသူ ၇၆၁၆ ဦးရှိသည်။ ပါကစ္စတွင်တွက် ကူးစက်မှု ၃ သိန်းနီးပါး၊ သေဆုံးသူ ၆၃၂၈ ဦးရှိသည်။

အာရှဒေသသည် အစောပိုင်းကာလများတွင် ဗိုင်းရပ်စ်ကူးစက်မှုကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ သြဂုတ်လမှ စတင်ကာ ဗိုင်းရပ်စ်ကူးစက်မှုနှင့် သေဆုံးမှုများ နေ့စဉ်နှင့်အမျှ တိုးပွားလာနေခြင်းဖြစ်သည်။

အာရှတွင် ပြီးခဲ့သည့် သီတင်းပတ်မှစတင်၍ နေ့စဉ် ကူးစက်မှု ၉ သောင်းနီးပါးနှင့် နေ့စဉ် သေဆုံးသူ ၁၂၀၀ ဝန်းကျင် ရှိနေသည်။

ကမ္ဘာတစ်ဝန်းတွင် စက်တင်ဘာ ၄ ရက် နေ့လယ်ပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်မှု စုစုပေါင်း ၂၆ သန်းခွဲ၊ သေဆုံးမှု စုစုပေါင်း ၈ သိန်း ၇ သောင်းရှိသည်။

အာရှသည် ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာကပ်ဘေးဒဏ်ကြောင့် သေဆုံးမှု စတုတ္ထမြောက် အများဆုံး ဖြစ်သည်။ လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသတွင် သေဆုံးသူ ၂၈၂,၉၇၉၊ ဥရောပတွင် သေဆုံးသူ ၂၁၆,၅၉၆၊ အမေရိကန်နှင့် ကနေဒါတွင် သေဆုံးသူ ၁၉၄,၉၁၅ ရှိသည်။

ဗီဒီယိုများ