ဗင်နီဇွဲလားနိုင်ငံတွင် မြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၅ဝ အထိ မြင့်တက်လာ

ဗင်နီဇွဲလားနိုင်ငံတွင် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး သဘာဝဘေးဒဏ်ကြောင့် သေဆုံးသူဦးရေသည် ၁ဝဝ အထိ ရှိလာနိုင်ကြောင်း သမ္မတ နီကိုလပ်စ်မာဒူရိုက ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။

By Admin 15 Oct 2022

ဗင်နီဇွဲလားနိုင်ငံတွင် မြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၅ဝ အထိ မြင့်တက်လာ

ဗင်နီဇွဲလားနိုင်ငံ လက်စ်တီဂျီရီးယားစ်တစ်လျှောက် တိုက်စားသွားခဲ့သော မြေပြိုမှုမှ သေဆုံးသူဦးရေမှာ ၅ဝ ဦးအထိ မြင့်တက်လာခဲ့သည်။ / ဓာတ်ပုံ - AFP

DMG ၊ အောက်တိုဘာ ၁၅

မြို့တော် ကာရာကတ်စ်နှင့်နီးသည့် ဗင်နီဇွဲလားမြို့တစ်လျှောက် တိုက်စားသွားခဲ့သည့် မြေပြိုမှု၏ သေဆုံးသူဦးရေမှာ ၅ဝ ဦးအထိ မြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

“အခုအချိန်အထိ တရားဝင်ထုတ်ပြန်ထားတဲ့စာရင်းအရ ကံမကောင်းစွာနဲ့ပဲ အသက်ဆုံးရှုံးခဲ့ရတဲ့ လူအယောက် ၅ဝ ရှိနေပြီး ရုပ်အလောင်းတွေကို သူတို့ရဲ့ ဆွေမျိုးတွေဆီ လွှဲပြောင်းပေးလိုက်ပါပြီ”ဟု ပြည်ထဲရေးဝန်ကြီး ရီမီဂျီယိုစီဘယ်လိုက ဒေသဆိုင်ရာ ရုပ်မြင်သံကြားလိုင်းတစ်ခုသို့ ပြောကြားပြီး အစောပိုင်း သေဆုံးသူဦးရေစာရင်း ၄၃ ဦးမှ ၅ဝ ဦးသို့ အတည်ပြုပြောကြားခဲ့သည်။

စနေနေ့က ပုံမှန်မဟုတ်သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဓိကမြစ်ကြီးတစ်စင်းနှင့် ချောင်းများစွာကို ရေလျှံစေခဲ့ပြီး ကာရာကတ်အနီးရှိ တောင်တန်းများတွင် လူပေါင်း ၅ဝ,ဝဝဝ ခန့်နေထိုင်သော လက်စ်တီဂျီရီးယားစ်မြို့တွင် ရေလျှံမှုဖြစ်ပေါ်စေခဲ့သည်။

မိုးရွာသွန်းမှုကြောင့် ရွှံ့နွံစီးချောင်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး ကားများ၊ နေအိမ်အစိတ်အပိုင်းများ၊ လုပ်ငန်းများနှင့် တယ်လီဖုန်းဝါယာကြိုးများ မျောပါသွားကာ သစ်ပင်ကြီးများ လဲကျခဲ့သည်။

မြို့တွင်း ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေး ကြိုးပမ်းမှုများကို ကူညီရန် လူပေါင်း ၃၂ဝဝ ခန့်ကို နေရာချထားကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံတွင် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး သဘာဝဘေးဒဏ်ကြောင့် သေဆုံးသူဦးရေသည် ၁ဝဝ အထိ ရှိလာနိုင်ကြောင်း သမ္မတ နီကိုလပ်စ်မာဒူရိုက ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါဒေသကို လွှမ်းမိုးထားသည့် ရာသီအလိုက် လာနီနာ ရာသီဥတုဖြစ်စဉ်အပြင် အလယ်ပိုင်း အမေရိကတွင် လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေခဲ့သည့် ဂျူလီယာ ဟာရီကိန်းမုန်တိုင်း၏ သက်ရောက်မှုများကြောင့် မုန်တိုင်းသည် ပိုမိုဆိုးရွားလာခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အကျပ်အတည်းဖြစ်ပွားနေသည့် ဗင်နီဇွဲလားသည် ရာသီအလိုက် မုန်တိုင်းများနှင့် မစိမ်းသော်လည်း ယခုနှစ်တွင် မကြာသေးမီလများအတွင်း လူဒါဇင်ပေါင်းများစွာ သေဆုံးစေခဲ့သော သမိုင်းဝင် မိုးရွာသွန်းမှုပြီးနောက် ယခုဖြစ်ရပ်သည် အဆိုးရွားဆုံးဖြစ်ခဲ့သည်။

ဗီဒီယိုများ