ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံတို့ မက္ကစီကိုတွင် ဆွေးနွေးမှုများ စတင်

ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံတို့သည် သြဂုတ်လ ၁၃ ရက် သောကြာနေ့တွင် မက္ကစီကို၌ ဆွေးနွေးမှုများ စတင်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 14 Aug 2021

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဝန်ဂူအိုက်ဒိုနှင့် သမ္မတ နီကိုလက်စ်မာဒူရို။ (ဓာတ်ပုံ - AFP)

ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံတို့သည် သြဂုတ်လ ၁၃ ရက် သောကြာနေ့တွင် မက္ကစီကို၌ ဆွေးနွေးမှုများ စတင်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နှစ်ဘက်အုပ်စုသည် ထိခိုက်ပျက်စီးမှုများ ရှိနေသည့် နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းကို အဆုံးသတ်နိုင်ရေး အတွက် စီးပွားရေးပိတ်ဆို့မှုများနှင့် ရွေးကောက်ပွဲများ အရေးကို အလေးထား ဆွေးနွေးကြမည်ဟု ယူဆရကြောင်း သတင်းက ဆိုသည်။

မက္ကစီကိုမြို့တော် အမျိုးသား မနုဿဗေဒပြတိုက်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားအား နှစ်ဘက်လုံးက မတက်ရောက်ခဲ့ကြပေ။
ထိုအစား နှစ်ဘက်ကိုယ်စားလှယ်များသည် “အသေးစိတ် ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်တစ်ရပ်” ကို ဆက်လက်ဆောင်ရွက်သွားကြရန် သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြသည်။

ဤတွေ့ဆုံဆွေးနွေးမှုများကို နော်ဝေနိုင်ငံက ကမကထပြု စီစဉ်ပြီး မက္ကစီကိုအစိုးရက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။

ဗင်နီဇွဲလားသမ္မတနှင့် အတိုက်အခံတို့သည် ၂၀၁၈ ခုနှစ်တွင် ဒိုမိနစ်ကန်ရီပါ့ပလစ်၌ တွေ့ဆုံဆွေးနွေးခဲ့သလို နောက်တစ်နှစ်တွင်လည်း ဘာဘာဒို့စ်တွင် ဆွေးနွေးခဲ့သည်။ သို့သော် သမ္မတ နီကိုလက်စ်မာဒူရိုနှင့် အတိုက်အခံခေါင်းဆောင် ဝန်ဂူအိုက်ဒို (Juan Guaido) တို့အကြား ပြေလည်မှု တစ်စုံတစ်ရာ မရရှိခဲ့ပေ။ ဝန်ဂူအိုက်ဒိုအား နိုင်ငံပေါင်း ၆၀ ခန့်က သမ္မတအဖြစ် အသိအမှတ်ပြုထားသည်။

ဗင်နီဇွဲလားနိုင်ငံ၏ ၂၀၁၈ ရွေးကောက်ပွဲ အငြင်းအခုန် ဖြစ်ခဲ့ပြီးနောက် အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများကြောင့် စီးပွားရေးဆုတ်ယုတ်မှုနှင့် ရင်ဆိုင်နေရသည်။
၂၀၁၃ ခုနှစ်တွင် သမ္မတဟူးဂိုးချားဗက်ကွယ်လွန်ပြီးနောက် သမ္မတဖြစ်လာသူ မာဒူရိုအနေဖြင့် အမေရိကန်၏ ပိတ်ဆို့မှုများ လျော့ပါးစေလိုပါက ရွေးကောက်ပွဲများ အလေးထားကျင်းပရန် အမေရိကန်က တိုက်တွန်းထားသည်။

ဗီဒီယိုများ