ဗင်နီဇွဲလား အကျဉ်းထောင်တွင်း ဆူပူမှုကြောင့် ၄၇ ဦးထက်မနည်းသေဆုံး

“အခုဖြစ်နေတာက အစောင့်တွေကြောင့်ပဲ။ သူတို့က အကျဉ်းသား မိသားစုဝင်တွေ ထောင်ထဲသို့ ပို့ပေးတဲ့   စားစရာတွေကို အကျဉ်းသားတွေ လက်ထဲရောက်အောင် မပို့ပေးတာကြောင့်ပဲ” ဟု ထောင်ထဲတွင် အသိရှိသော ရာစီကာ ဂျီမန်နက်စ်က ပြောကြားသည်။

By Foreign Desk 05 May 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေကြောင့် အကျဉ်းသားများ၏ မိသားစုဝင်များ၊ မိတ်ဆွေများမှ ထောင်တွင်းသို့ ဆေးဝါး နှင့် ရိက္ခာပေးပို့မှုများ သိသိသာသာ လျော့နည်းသွားသည်။ (ဓာတ်ပုံ - AFP)


ဗင်နီဇွဲလားတွင် ထောင်တွင်းဆူပူမှုတစ်ခုကြောင့် အကျဉ်းသား ၄၇ ဦးထက် မနည်း သေဆုံးပြီး ၇၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဗင်နီဇွဲလားအကျဉ်းထောင် စောင့်ကြည့်ရေးအဖွဲ့က ပြောကြားသည်။ အဆိုပါဆူပူမှုမှာ ဗင်နီဇွဲလား အနောက်ပိုင်း၊ ဂွာနဲမြို့ရှိ  လော့စ်လာနော့စ် ဗဟိုအကျဉ်းထောင်တွင် သောကြာနေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဗင်နီဇွဲလား စစ်တပ်၏ သောကြာနေ့ အစီရင်ခံစာအရ အကျဉ်းသားများသည် လူအုပ်လိုက်ထွက်ပြေးနိုင်ရန် ထောင်တွင်း လုံခြုံရေးတံတိုင်းများကို စတင်ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။
အကျဉ်းထောင်တည်ရှိရာ ပေါ်တူဂီစာ ပြည်နယ်၏ လွှတ်တော်ကိုယ်စားလှယ် မာတီနီဇ် ဘီထရစ်စ်ကမူ အကျဉ်းသားတစ်စုသည် ၎င်းတို့ထံပေးပို့သော စားသောက်စရာများ လက်ဝယ်မရရှိသဖြင့် မကျေနပ်ရာမှ ဆူပူမှု စတင်ခဲ့သည်ဟု ငြင်းချက်ထုတ်ဖြေရှင်းခဲ့သည်။

ဗင်နီဇွဲလား အကျဉ်းထောင်စောင့်ကြည့်ရေးအဖွဲ့၏ ပြောကြားချက်အရ အကျဉ်းထောင် လုံခြုံရေးအစောင့်များက ဆူပူမှုပြီးနောက် ထောင်တွင်းသို့ ပစ်ခတ်ခဲ့ကြောင်းဆိုသည်။ အဆိုပါ အကျဉ်းထောင်မှာ အကျဉ်းသား ၇၅၀ သာ လက်ခံနိုင်သော်လည်း လတ်တလောတွင် အကျဉ်းသား ဦးရေ ၂,၅၀၀ အထိရှိနေသည်။  

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေကြောင့် အကျဉ်းသားများ၏ မိသားစုဝင်များ၊ မိတ်ဆွေများမှ ထောင်တွင်းသို့ ဆေးဝါး နှင့် ရိက္ခာပေးပို့မှုများ သိသိသာသာ လျော့နည်းသွားသည်။

“အခုဖြစ်နေတာက အစောင့်တွေကြောင့်ပဲ။ သူတို့က အကျဉ်းသား မိသားစုဝင်တွေ ထောင်ထဲသို့ ပို့ပေးတဲ့   စားစရာတွေကို အကျဉ်းသားတွေ လက်ထဲရောက်အောင် မပို့ပေးတာကြောင့်ပဲ” ဟု ထောင်ထဲတွင် အသိရှိသော ရာစီကာ ဂျီမန်နက်စ်က ပြောကြားသည်။

“ရင်ခွဲရုံက အလောင်းဓာတ်ပုံတွေကို ကွန်ပျူတာကတစ်ဆင့်ပြခဲ့ရပါတယ်၊ အသတ်ခံရတဲ့ ထောင်သားတွေကို မှတ်မိပြီး အတည်ပြုပေးကြတဲ့ သက်ဆိုင်ရာ ဆွေမျိုးတွေကြောင့် ၎င်းတို့မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားနိုင်ခဲ့တယ်” ဟု စောင့်ကြည့်ရေး အဖွဲ့မှ ကာရိုလိုင်းနားဂီရွန်က ဆိုသည်။ သေဆုံးသွားသူများ၏ မိသားစု၊ အသိမိတ်ဆွေများမှာ ဆေးရုံသို့ သွားခွင့်မရခဲ့ကြပေ။

လတ်တလောအချိန်ထိ ဗင်နီဇွဲလား နိုင်ငံတစ်လွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၆၁ ဦး ရှိပြီး သေဆုံးသူ ၁၀ ဦး အထိ ရှိပြီဖြစ်သည်။ သို့ရာတွင် အကျဉ်းထောင်တွင်း ရောဂါ ကူးစက်မှုမရှိသေးကြောင်း အာဏာပိုင်များက ပြောကြားသည်။

ဗင်နီဇွဲလား အကျဉ်းထောင်များသည် အကျဉ်းသား အဆမတန်များပြားခြင်း၊ ထောင်တွင်း အကြမ်းဖက်ဆူပူမှုနှင့် သန့်ရှင်းမှု မရှိသော ထောင်တွင်းအခြေအနေများကြောင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အကျဉ်းသား မိသားစုဝင်များ၏ ပြစ်တင်ဝေဖန်ခြင်းကို အမြဲတစေခံနေရသည်။

ဗီဒီယိုများ