ဒုက္ခသည်များကို မြန်မာသို့ပြန်ပို့နိုင်ရေး တရုတ်အား ဘင်္ဂလားဒေ့ရှ် အကူအညီတောင်းခံ

မူဆလင်ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီအား ဘင်္ဂလားဒေ့ရှ်က အကူအညီ တောင်းခံလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

08 Aug 2022

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမမ်တို့ ၂၀၂၂ ခုနှစ် သြဂုတ်လ ရ ရက်နေ့က ဒက္ကားတွင်တွေ့ဆုံစဉ်။ ဓာတ်ပုံ - AP

DMG ၊ ဩဂုတ် ၈

မူဆလင်ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီအား ဘင်္ဂလားဒေ့ရှ်က အကူအညီ တောင်းခံလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဝမ်ယီသည် ဒက္ကားမြို့သို့ စနေနေ့တွင် ရောက်ရှိခဲ့ပြီး ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၊ နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမမ်တို့နှင့် တွေ့ဆုံခဲ့သည်။ တနင်္ဂနွေနေ့တွင် ဝမ်ယီမပြန်မီ  နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန၏ လက်ထောက်ဝန်ကြီး ရှာရီယာအာလမ်က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်တွင် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့သော မူဆလင်ဒုက္ခသည်စုစုပေါင်း ရ သိန်းခန့်ရှိသည်။ တရုတ်သည် ၎င်း၏သြဇာကို အသုံးပြုကာ မူဆလင်များအား နေရပ်ပြန်ပို့နိုင်ရေးအတွက် ထိုနှစ်တွင်ပင် ကြားဝင်ညှိနှိုင်းပေးခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ပြီးခဲ့သောနှစ်က စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်၌ မူဆလင်များသည် နေရပ်ပြန်ရန် ငြင်းဆန်လျက်ရှိသည်။

မူဆလင်အကျပ်အတည်းနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဟု တရုတ်ဘက်က ကတိပြုခဲ့ကြောင်း ရှာရီယာအာလမ်က ပြောသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းစိန်ခေါ်မှုများသည် အခြားနိုင်ငံများကိုပါ ဒုက္ခပေးနေကြောင်းလည်း ဝမ်ယီက ပြောကြားခဲ့သည်ဟု သူကဆိုသည်။

တရုတ်သည် ဘင်္ဂလားဒေ့ရှ်မှ ကုန်ကြမ်းများအား ပြည်ပသို့ တင်ပို့ရာတွင် အဓိကကုန်သွယ်ရေးမဟာမိတ် ဖြစ်သည်။ သို့သော် ဘင်္ဂလားဒေ့ရှ်သည် တရုတ်၏ အဓိကပြိုင်ဖက်များဖြစ်ကြသည့် အိန္ဒိယ၊ အမေရိကန်တို့နှင့်လည်း သံတမန်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးများ ထူထောင်ထားသဖြင့် ဘေကျင်းနှင့် ဆက်ဆံရေးသည် ဘင်္ဂလားဒေ့ရှ်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

ဗီဒီယိုများ