ကိုင်ရိုတွင် ဘုရားကျောင်းမီးလောင်မှုကြောင့် ကလေး ၁၅ ဦးအပါအဝင် ၄၁ ဦးသေဆုံး

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ဘုရားကျောင်းတစ်ခုတွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ဘုရားဝတ်ပြုချိန်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် လူ ၄၁ ဦး သေဆုံးခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

16 Aug 2022

ဓာတ်ပုံများ - AP

DMG ၊ ဩဂုတ် ၁၆

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ဘုရားကျောင်းတစ်ခုတွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ဘုရားဝတ်ပြုချိန်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် လူ ၄၁ ဦး သေဆုံးခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကော့တစ်အော့သိုဒေါက် ဘုရားကျောင်းတွင် ဝတ်ပြုသူများ အပြည့်ရှိနေစဉ် အကြီးအကျယ် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မီးလောင်ကျွမ်းခဲ့သည့် လေးထပ်အဆောက်အအုံအတွင်း၌ ကလေးများလည်း အများအပြားရှိနေခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားသည်။

‘ကလေးတွေလည်းရှိတယ်။ ဘယ်သူ့သားသမီးမှန်းလည်းမသိ၊ ဘယ်လိုကယ်ရမလဲလည်း မသိခဲ့ကြဘူး’ ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အဘူဘိရှိုင်က အေပီသတင်းဌာနသို့ ဖြေကြားသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် ဘုရားကျောင်းသည် ကိုင်ရိုမြို့ရှိ အင်ဘာဘာအရပ်မှ လူနေထူထပ်သည့် လမ်းကြားတစ်ခုတွင် တည်ရှိသည်။

သေဆုံးသူအများအပြားမှာ မီးခိုးမွန်ပြီး အသက်ရှူကျပ်၍ သေဆုံးကြခြင်းဖြစ်သည်။ သေဆုံးသူများတွင် ကလေးငယ် အနည်းဆုံး ၁၅ ဦးပါဝင်ကြောင်း သတင်းတွင် ဖော်ပြသည်။

အပေါ်ထပ်တွင် ပိတ်မိနေသူများသည် မီးတောက်များမှ လွတ်အောင် အောက်ထပ်ကို ခုန်ချခဲ့ကြသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းရသည့် အကြောင်းရင်းအသေးစိတ်ကို မသိရသေးသော်လည်း ကနဦးစစ်ဆေးချက်များအရ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ရာမှ လောင်ကျွမ်းခြင်းဟု ခန့်မှန်းရကြောင်း ရဲဌာန၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။

ယခုမီးလောင်မှုသည့် အီဂျစ်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း အဆိုးဆုံးဖြစ်ရပ်များအနက် တစ်ခုဖြစ်သည်။ ပြီးခဲ့သည့်နှစ် မတ်လတွင်လည်း ကိုင်ရိုမြို့အနီးရှိ အထည်စက်ရုံတစ်ခုတွင် မီးလောင်ကျွမ်းမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့သည်။

ဗီဒီယိုများ