စီထရန်မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှာ အနည်းဆုံး ၉ ဦးသေပြီး သိန်းနှင့်ချီ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရ

တနင်္လာနေ့ညဉ့်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်သွားခဲ့သည့် မုန်တိုင်းကြောင့် အနည်းဆုံး ၉ ဦး သေဆုံးပြီး မုန်တိုင်းဝင်ရောက်ရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသူ သိန်းနှင့်ချီ၍ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနအချို့၏ ဖော်ပြချက်များအရ သိရသည်။

By Admin 25 Oct 2022

စီထရန်မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှာ အနည်းဆုံး ၉ ဦးသေပြီး သိန်းနှင့်ချီ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရ

ဒက္ကာမြို့တွင်းတစ်နေရာ။ ဓာတ်ပုံ - Reuters

DMG ၊ အောက်တိုဘာ ၂၅

တနင်္လာနေ့ညဉ့်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်သွားခဲ့သည့် မုန်တိုင်းကြောင့် အနည်းဆုံး ၉ ဦး သေဆုံးပြီး မုန်တိုင်းဝင်ရောက်ရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသူ သိန်းနှင့်ချီ၍ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနအချို့၏ ဖော်ပြချက်များအရ သိရသည်။

စီထရန်ဟု အမည်ပေးထားသည့် အဆိုပါမုန်တိုင်းသည် တစ်နာရီကို ၅၅ မိုင်နှုန်းအထိ ပြင်းအားဖြင့် တိုက်ခတ်ခဲ့ကာ ၁၀ ပေခန့်အထိ ဒီရေမြင့်တက်ခဲ့သည်။

မုန်တိုင်းကြောင့် နေရာအနှံ့တွင် နေအိမ်များ ပျက်စီးခြင်း၊ တယ်လီဖုန်းလိုင်းနှင့် လျှပ်စစ်မီးများ ပြတ်တောက်ခြင်း၊ သစ်ပင်များ အမြစ်မှကျွတ်ထွက်ခြင်း၊ ရေကြီးခြင်းများရှိခဲ့ကာ မြို့တော်ဒက္ကာတွင်လည်း သစ်ပင်များပြိုလဲမှု ရေကြီးမှုများ ရှိခဲ့သည်။

မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ် အနောက်ဘက်ကမ်းခြေသို့ ဝင်ရောက်တိုက်ခတ်ပြီးနောက် စစ်တကောင်း-ဘာရီဆာ ကမ်းခြေတစ်လျှောက် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်သွားကြောင်း မိုးလေဝသပညာရှင် အဘူကာလမ်မာလစ်က အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။

ကမ်းခြေဒေသတစ်လျှောက်မှ ဒေသခံအများအပြားအား ဘေးလွတ်ရာနေရာများနှင့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများသို့ ပို့ဆောင်ပေးခဲ့ရာတွင် တနင်္လာနေ့ညပိုင်းအထိ စုစုပေါင်း ၂ သိန်းခွဲခန့် ရှိခဲ့ကြောင်း ဒေသန္တရ အုပ်ချုပ်ရေးမှူး နှစ်ဦးထံမှ သိရသော အချက်အလက်များကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူအရေအတွက်သည် လက်ရှိအချိန်အထိ အတည်ပြုချက်များအရ ၉ ဦးအထိရှိနေပြီး အများစုမှာ သစ်ပင်ပိပြီး သေဆုံးကြရခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သေဆုံးဒဏ်ရာရသူ အရေအတွက်သည် ယခုထက်ပိုများကောင်း များဦးမည်ဟု ဘင်္ဂလားဒေ့ရှ် သဘာဝဘေးဒဏ် ထိခိုက်ပျက်စီးမှု ကာကွယ်ရေးဌာနပြောခွင့်ရ နီခေးဆာကာက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းတွင် ရှိနေသော မူဆလင်ဒုက္ခသည်စခန်းများတွင် မုန်တိုင်းကြောင့် ပျက်စီးမှုအခြေအနေကို တစ်စုံတစ်ရာ မသိရသေးပေ။ ဘင်္ဂလားပင်လယ်အော်ရှိ ဘာဆန်ချာကျွန်းသို့ ပြောင်းရွေ့နေရာချထားသူ ဒုက္ခသည် ၃၃၀၀၀ ခန့်ကို နေအိမ်တွင်း၌သာ နေထိုင်ကြရန် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အကြံပြုထားသည်။

“ဘာဆန်ချာက နေအိမ်တွေကို ၁၉ ပေမြင့်တဲ့ ဒီရေကာတွေနဲ့ အကာအကွယ်ပေးထားပါတယ်။ လူတွေကိုလည်း နေအိမ်ထဲပဲ နေကြဖို့ ကျွန်တော်တို့ပြောထားပါတယ်” ဟု ကျွန်းပေါ်မှ အကြီးတန်း လုံခြုံရေးအရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ဖြေကြားသည်။

ဗီဒီယိုများ