Nord Stream ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုနောက်ကွယ်တွင် ယူကရိန်းကိုထောက်ခံသည့် အဖွဲ့တစ်ဖွဲ့ ရှိနေကြောင်း အမေရိကန်ထောက်လှမ်းရေးက ယူဆ

.

By Admin 09 Mar 2023

ပိုက်လိုင်းပေါက်ကွဲသည့် နေရာတွင် ဓာတ်ငွေ့များ အချင်း ၂၀၀ မီတာမှ ၁၀၀၀ မီတာခန့်အထိ ပြန့်ကြဲက ယိုစိမ့်နေသည်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - AFP
ပိုက်လိုင်းပေါက်ကွဲသည့် နေရာတွင် ဓာတ်ငွေ့များ အချင်း ၂၀၀ မီတာမှ ၁၀၀၀ မီတာခန့်အထိ ပြန့်ကြဲက ယိုစိမ့်နေသည်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - AFP

ပြီးခဲ့သည့်နှစ်က Nord Stream ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခံရမှုသည် ယူကရိန်းကိုထောက်ခံသည့် အုပ်စုတစ်ခု၏ လက်ချက်ဖြစ်ကြောင်း ညွှန်ပြနေသည့် ထောက်လှမ်းရေးအချက်အလက် အသစ်များကို အမေရိကန်အရာရှိများ တွေ့ရှိထားကြောင်း မတ်လ ၇ ရက်နေ့က နယူးယောက်တိုင်းမ်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသုံးအနှုန်းများ အထူးဂရုတစိုက် ရေးသားထားသည့် အဆိုပါသတင်း၌ သတင်းရရှိထားသည့် ထောက်လှမ်းရေး သတင်းရင်းမြစ် သို့မဟုတ် ပေါက်ကွဲမှုနှင့် ဆက်စပ်သည့် အုပ်စု၏ အမည်တို့ကို ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။ ပိုက်လိုင်းဗုံးခွဲခံရမှုနှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးအကြား ဆက်စပ်နေသည့် အထောက်အထား တစ်စုံတစ်ရာတော့ အမေရိကန်အရာရှိများ မတွေ့ထားကြောင်း သတင်းတွင် ဖော်ပြသည်။

သို့သော်လည်း အဆိုပါဓာတ်ငွေ့ပိုက်လိုင်း တိုက်ခိုက်ခံရမှုကြောင့် အနောက်ဥရောပသို့ ရုရှား၏ ဓာတ်ငွေ့ရောင်းချမှုများ ရပ်ဆိုင်းခဲ့ရပြီး ရုရှားသည် ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ 
တစ်ချိန်တည်းတွင် ယူကရိန်း၏ အနောက်ဥရောပရှိ အရေးပါသော မဟာမိတ်များ၊ အထူးသဖြင့် ဂျာမနီနိုင်ငံသည် အဆိုပါဖြစ်ရပ်ကြောင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာသည့် ဖိအားကို ရင်ဆိုင်ခဲ့ရသည်။

ဖောက်ခွဲမှု၏ နောက်ကွယ်တွင် ရှိနေသူများသည် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဆန့်ကျင်ကြသူများ ဖြစ်သည်ဟု ထောက်လှမ်းရေးသတင်းရင်းမြစ်များက ယူဆထားကြောင်း တိုင်းမ်၏ သတင်းတွင် ဖော်ပြသည်။ ထို့ပြင် ၎င်းတို့သည် ယူကရိန်း သို့မဟုတ် ရုရှားလူမျိုးများ ဖြစ်ကာ အမေရိကန် သို့မဟုတ် ဗြိတိန်နိုင်ငံသားများနှင့် မသက်ဆိုင်ကြောင်းလည်း အာဏာပိုင်များက ယူဆကြသည်။

သီးခြား သတင်းတစ်ရပ်၌လည်း ဂျာမန်အာဏာပိုင်များသည် တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည်ဟု ယူဆရသည့် ရွက်လှေတစ်စင်းကို စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ ရွက်လှေသည် ပိုလန်အခြေစိုက် ကုမ္ပဏီတစ်ခုမှ ယူကရိန်းနိုင်ငံသား နှစ်ဦးကို ငှားရမ်းထားသည့် ရွက်လှေဟု ဂျာမနီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Nord Stream ဓာတ်ငွေ့ပိုက်လိုင်းသည် ရုရှားနိုင်ငံမှ ဓာတ်ငွေ့များအား ဂျာမနီသို့ တင်ပို့ရောင်းချနေသည့် ပိုက်လိုင်း ဖြစ်သည်။ အဆိုပါပိုက်လိုင်းသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဆွီဒင်နှင့် ဒိန်းမတ်နိုင်ငံတို့၏ အထူးစီးပွားရေးဇုန်များ တည်ရှိရာ ရေပြင်ဧရိယာအတွင်း၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ထိုစဉ်က စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီး ပိုက်လိုင်းသည် တမင်ဖောက်ခွဲခံရခြင်း ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ 

ပူလစ်ဇာဆုရှင် သတင်းသမားတစ်ဦးဖြစ်သူ ဆီမွားဟက်ရှ်ကလည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က ၎င်း၏ ဘလော့၌ ဤပေါက်ကွဲမှုသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ ညွှန်ကြားချက်ဖြင့် အမေရိကန်ရေတပ်မှ ရေငုပ်သမားများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲရေးသားခဲ့သည်။ အိမ်ဖြုတော်ကမူ ဤစွပ်စွဲချက်သည် “စိတ်ကူးယဉ်အရေးအသားသက်သက်သာ” ဖြစ်ကြောင်း ထိုစဉ်က တုံ့ပြန်ပြောကြားခဲ့သည်။

ဗီဒီယိုများ