ဥတုရာသီအပြောင်းအလဲကြောင့် အပူလှိုင်းနဲ့ တောမီးအန္တရာယ် ကြုံလာနေရတဲ့ ဥရောပ

ဥရောပသည် စံချိန်တင်အပူလှိုင်းတစ်ရပ်ကို ရင်ဆိုင်နေရပြီး မြေထဲပင်လယ် ဒေသတလျှောက်တွင်လည်း  တောမီးများ အကြီးအကျယ်လောင်ကျွမ်းလျက်ရှိသည်။ အောက်ဖော်ပြပါ အချက်များမှာ အဆိုပါဖြစ်ရပ်များ ပေါ်ပေါက်လာအောင် ဥတုရာသီအပြောင်းအလဲက တွန်းအားပေးလိုက်သည့် အချက်များဖြစ်သည်။

By မေမိုး 21 Aug 2022

ဓာတ်ပုံ - AFP

မေမိုးဘာသာပြန်သည်။

ဥရောပသည် စံချိန်တင်အပူလှိုင်းတစ်ရပ်ကို ရင်ဆိုင်နေရပြီး မြေထဲပင်လယ် ဒေသတလျှောက်တွင်လည်း  တောမီးများ အကြီးအကျယ်လောင်ကျွမ်းလျက်ရှိသည်။ အောက်ဖော်ပြပါ အချက်များမှာ အဆိုပါဖြစ်ရပ်များ ပေါ်ပေါက်လာအောင် ဥတုရာသီအပြောင်းအလဲက တွန်းအားပေးလိုက်သည့် အချက်များဖြစ်သည်။

■ အပူချိန်ပိုမြင့်လာခြင်း၊ အပူလှိုင်းများ မကြာမကြာဖြတ်ခြင်း

ဥတုရာသီပြောင်းလဲခြင်းသည် အပူလှိုင်းဒဏ်ကို ပိုမိုပြင်းထန်စေပြီး ပိုမိုဖြစ်ပွားလာစေသည်။ ကုန်းမြေများ သည့်ဒေသများတွင် ဖြစ်ပွားလေ့ရှိကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာလုံး ဆိုင်ရာ ရာသီဥတု သိပ္ပံပညာရှင်များအဖွဲ့ (IPCC) က ပြောဆိုထားသည်။

လူတို့၏ လုပ်ဆောင်မှုများက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် စက်မှုအကြိုကာလနော က်ပိုင်းတွင် ကမ္ဘာကြီးပူနွေးလာမှုသည် ၁.၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့သည်။ အပူချိန်မြင့်လာခြင်းသည် အလွန်အကျွံပူပြင်းသည့် ကာလများတွင် ထိုပူနွေးမှုကို တိုင်းတာပြီး အပူချိန်မြင့်တက်လာခြင်းကို သတ်မှတ်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ လက်ရှိရင်ဆိုင်နေရတဲ့ အပူလှိုင်းတိုင်းဟာ ဥတုရာသီအပြောင်းအလဲကြောင့် ပိုပိုပူလာသလို အကြိမ်ရေလည်း ခပ်စိပ်စိပ်ဖြစ်လာပါတယ်” ဟု World Weather Attribution (WWA) သုတေသန ပူးပေါင်းမှုတွင် ပူးတွဲဦးဆောင်သူ လည်းဖြစ်သည့် အင်ပီးရီးယဲကော်လိပ်(လန်ဒန်)၏ ရာသီဥတု ဆိုင်ရာသိပ္ပံပညာရှင် ဖရက်ဒရစ် အော်တိုက ဆိုသည်။

သို့သော်လည်း အခြားသောအခြေအနေများသည်လည်း အပူလှိုင်းများဒဏ် သက်ရောက်မှုရှိသည်။ ဥရောပတွင် လေထုစက်ဝန်း အရေးပါသည့် အကြောင်းရာတစ်ရပ်ဖြစ်သည်။

ဥရောပအပူလှိုင်းသည် အမေရိကန်ကဲ့သို့ အလယ်လတ္တီကျုမျဉ်းရှိအခြားနိုင်ငံများထက် သုံးဆမှ လေးဆ အထိ တိုးတက်လာခဲ့ကြောင်း ယခုလထုတ် သဘာဝဝန်းကျင်ဂျာနယ်တွင် လေ့လာမှုတစ်ခုက ဆိုသည်။

မြောက်ကမ္ဘာခြမ်းတွင် အနောက်မှ အရှေ့သို့စီးနေသည့် လျင်မြန်သည့် လေနွေးစီးကြောင်းတစ်ခုတွင် ပြောင်းလဲမှုများဖြစ်လာခြင်းနှင့် ဆက်စပ်နေကြောင်း အဆိုပါသိပ္ပံပညာရှင်များက ဆိုသည်။

■ ဥတုရာသီပြောင်းလဲခြင်း၏ အဓိကအကြောင်းရင်းများ

ရာသီဥတုပြောင်းလဲခြင်းကြောင့် အပူလှိုင်းတစ်ခု မည်မျှအထိထုတ်လွှတ်နိုင်သည်ကို တိုင်းတာရန် “သက် ရောက်စေမှုလေ့လာချက်များ” ကို သိပ္ပံပညာရှင်များက လုပ်ဆောင်ကြသည်။ ၂၀၀၄ ခုနှစ်နောက်ပိုင်းတွင် ဥတုရာသီ အလွန်အကျွံပြောင်းလဲခဲ့သည်များကို လေ့လာမှုပေါင်း ၄၀၀ ကျော်လုပ်ဆောင်ခဲ့ပြီး အပူလှိုင်းဖြတ်ခြင်း၊ ရေကြီးမှုနှင့် မိုးခေါင်မှုများပါဝင်ပြီး ဥတုရာသီပြောင်းလဲမှုတွင် မည်မျှအထိ သက်ရောက်မှုရှိခဲ့သည်ကိုပါ တွက်ချက်လေ့လာခဲ့သည်။

ထိုလေ့လာမှုတွင် လက်ရှိဥတုရာသီတွင်ပါ မည်သို့ဖြစ်နိုင်သည်ကို ရာနှင့်ချီပြီးစမ်းသပ်ခဲ့သည်။ လူလုပ်ထား သည့်ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုမပါဘဲ ဥတုရာသီအခြေအနေကို နှိုင်းယှဉ်လေ့လာခဲ့သည်။

ဥပမာအားဖြင့် စံချိန်တင်အပူလှိုင်းများကို ၂၀၁၉ ခုနှစ် ဇွန်လတွင် ကြုံခဲ့ကြပြီး လူတို့အနေဖြင့် ဥတုရာသီ အတွက် နေမြဲအတိုင်း ဆက်လက်လုပ်ဆောင်ခဲ့မည်ဆိုလျှင် ပြင်သစ်၊ နယ်သာလန်နိုင်ငံများတွင် အဆ ၁၀၀ အထိ ပိုမိုကြုံတွေ့လာဖွယ်ရှိခဲ့ကြောင်း ကမ္ဘာ့ရာသီဥတုဆိုင်ရာ သက်ရောက်မှု များအဖွဲ့အစည်း၏ သိပ္ပံပညာ ရှင်များက ပြောဆိုခဲ့ပြီးဖြစ်သည်။

■ အပူလှိုင်းများ ပိုဆိုးလာဦးမည်

ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုအကြိုကာလများထက် ၁.၂ ဒီကရီဆဲလ်စီးယပ်စ်ဝန်းကျင် ပိုမိုပူလာခဲ့ပြီး အလွန်အမင်းပူပြင်းသည့် အခြေအနေကို ရောက်ခဲ့ပြီးဖြစ်သည်။

လူများ၏ လုပ်ဆောင်မှုများမပါလျှင် ဆယ်နှစ်လျှင်တကြိမ်သာကြုံတွေ့ရမည့် အပူလှိုင်းဒဏ်သည် ယခုမူ သုံးဆအထိ မကြာခဏဆိုသလို ပိုမိုဖြစ်ပေါ်နေရသည်ဟု ETH ဇူးရစ် ဥတုရာသီဆိုင်ရာသိပ္ပံပညာရှင် ဆိုနီယာ စနီးဗီရာနေက ပြောကြားခဲ့သည်။

လေထုထဲသို့ ဖန်လုံအိမ်ဓာတ်ငွေ့ ပိုမိုထုတ်လွှတ်မှုကို ရပ်မည်ဆိုမှသာ အပူချိန်တိုးတက်နေမှုကို ရပ်နိုင်မည် ဖြစ်ကာ ထိုအချိန် မတိုင်မီအထိ အပူလှိုင်းဖြတ်မှုက ပိုမိုဆိုးဝါးနေမည်သာဖြစ်သည်။ ရာသီဥတု ပြောင်းလဲမှုကို ဖြေရှင်းရန် မအောင်မြင်ခဲ့လျှင် အပူဒဏ်အလွန်အမင်း ပြင်းထန်မှုသည် ပိုမိုအန္တရာယ်ကြီးစွာ ပျက်စီးစေမည်သာ ဖြစ်သည်။

၂၀၁၅ ခုနှစ် ပါရီသဘောတူညီချက်အရ ကတိကဝတ်ပြုထားသည့်နိုင်ငံများသည် ကမ္ဘာကြီး ပူနွေးလာမှုကို ၂ ဒီဂရီဆဲစီးယပ် အထိ ကန့်သတ်ထားရန်နှင့် ၁.၅ ဒီဂရီဆဲစီးယပ် အထိလျှော့ချထားရန် ရည်ရွယ်ထား ကြသည်။ လက်ရှိမူဝါဒများအရ ဖန်လုံ အိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ရည်မှန်းထားသည့် ရလဒ်အထိပင် ဖြတ်တောက်နိုင်ရန် မစွမ်းသာပေ။

အပူလှိုင်းဖြတ်မှုတစ်ခုသည် စက်မှုခေတ်ဦးကာလတွင် ဆယ်စုနှစ်တစ်စုတွင် တစ်ကြိမ်သာဖြစ်ခဲ့ပြီး ကမ္ဘာကြီး ပူနွေးလာမှု၏ ၁.၅ ဒီဂရီဆဲစီးယပ် ရှိသည့်ဆယ်စုနှစ်တစ်စုတွင် ၄.၁ ဆဖြစ်လာမည်ဖြစ်ပြီး ၂ ဒီဂရီဆဲစီးယပ် ရှိသည့် ဆယ်စုနှစ်တစ်စု တွင်မူ ၅.၆ ဆ ဖြစ်လာမည်ဖြစ်ကြောင်း IPCC ကပြောခဲ့သည်။

နှစ်အများစုတွင် အပူချိန်ကို ၁.၅ ဒီဂရီဆဲစီးယပ် အထိ ရောက်အောင် ပူနွေးစေမည်ဆိုလျှင် ရှေ့လာမည့် အနာဂတ်တွင် အလွန်အမင်းပူပြင်းမှုကို ဖြစ်စေမည်ဖြစ်ကြောင်း စနီးဗီရာနေက ပြောကြားသည်။

■ ဥတုရာသီ အပြောင်းအလဲက တောမီးများ ဖန်တီး

ဥတုရာသီပြောင်းလဲခြင်းသည် ပူပြင်းခြောက်သွေ့မှုအခြေအနေများကို ပိုမိုဆိုးဝါးစေပြီး တောမီးများ ပျံ့နှံ့မှုကို ပိုမိုမြန်စေပါသည်။ အချိန်ကြာမြင့်စေပြီး ပိုမိုပြင်းထန်စွာလည်း လောင်ကျွမ်းစေပါသည်။

မြေထဲပင်လယ်ဒေသတွင် တောမီးလောင်လေ့ရှိသည့် ချိန်ခါသည် အစောပိုင်းကတည်းက စတင်ခဲ့ပြီး မီး လောင်သည့်နယ်မြေ ပိုမိုကြီးမားလာသည်ကို တွေ့ရသည်။ ဥရောပသမဂ္ဂတွင် ဟက်တာပေါင်း ငါးသိန်းကျော် လောင်ကျွမ်းခဲ့ပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်း တောမီး လောင်ကျွမ်းမှုသမိုင်းတွင် ဒုတိယအဆိုးဆုံးအဖြစ် မှတ်တမ်း ဝင်သွားခဲ့သည်။

ပူပြင်းလာသည့်ရာသီဥတုသည် စိုက်ခင်းများမှ အစိုဓာတ်ကို စုပ်ယူသွားပြီး ခြောက်သွေ့လောင်စာ အဖြစ် ပြောင်းကာ တောမီးများပိုမိုပျံ့နှံ့စေသည်။

“အခုဆို ပိုမိုပူပြင်းခြောက်သွေ့လာပါတယ်။ ဒါဟာ (တောမီးတွေကို) ပိုမိုအန္တရာယ်ကြီး သွားစေပါတယ်။” ဟု ကော်ပါးနီးကပ်စ် အကြီးတန်းသိပ္ပံပညာရှင် မာ့ပါရင်တန်က ပြောသည်။

ပေါ်တူဂီနှင့်ဂရိကဲ့သို့သောနိုင်ငံများသည် နွေရာသီများတွင် အမြဲလိုလိုပင်တောမီးလောင် လေ့ရှိသည်။ ယင်းနိုင်ငံများတွင် စီမံခန့်ခွဲရန် အခြေခံအဆောက်အဦများရှိသည်။ သို့တိုင်အောင် ယခုနှစ်နွေရာသီတွင် ဥရောပသမဂ္ဂ၏ အရေးပေါ်အကူအညီ ရရှိခဲ့သည်။

ထို့အပြင် ပိုမိုပူပြင်းလာသည့် ရာသီဥတုသည် မီးလောင်မှုနှင့် အလှမ်းဝေးနေပြီး ဖြေရှင်းရန် ကြိုတင်ပြင်ဆင်မှု အားနည်းသည့် နေရာများတွင်ပါ လောင်ကျွမ်းစေသည်။

■ မီးလောင်မှုများသည် ဥတုရာသီပြောင်းလဲခြင်း တစ်ခုတည်းကြောင့်မဟုတ်

သစ်တောများကို စီမံခန့်ခွဲခြင်းနှင့် မီးရှို့ရှင်းလင်းခြင်းများသည်လည်း အရေးကြီးသည့် အကြောင်းအရင်းများ ဖြစ်သည်။ ဥရောပတွင် တောမီးလောင်မှု ဆယ်မှုတွင် ကိုးမှုသည် လူတို့ပြုလုပ်ခဲ့သည့် အရာများကြောင့် လောင်ကျွမ်းရခြင်းဖြစ်သည်။ ရှို့မီး၊ အသားကင် မီးကြွင်းမီးကျန်များ၊ လျှပ်စစ်ဓာတ်အားလိုင်းများ သို့မဟုတ် စွန့်ပစ်ဖန်စများ ကြောင့်ဖြစ်ကြောင်း ဥရောပသမဂ္ဂစာရင်းများ အရသိရသည်။

စပိန်နိုင်ငံအပါအဝင် နိုင်ငံများသည် ကျေးလက်ဒေသများတွင် လူဦးရေကျုံ့လာခြင်းပြဿနာကို ရင်ဆိုင်နေရ သည်။ ကျေးလက်နေပြည်သူများ မြို့သို့ပြောင်းရွှေ့သွားပြီး စိုက်ပျိုးရေးလုပ်ငန်း များတွင် တောမီးလောင်စေ မည့်လောင်စာများကို ဖယ်ရှားရန်နှင့် စိုက်ခင်းများစနစ်တကျ ရှင်းလင်းရန် လုပ်ဆောင်မည့် လုပ်သားအင်အား အနည်းငယ်သာကျန်ခဲ့သည်။

အချို့သောလုပ်ငန်းများသည် ပြင်းထန်သည့်လောင်ကျွမ်းမှုကို ကန့်သတ်ပေးနိုင်သည်။ ဥပမာဆိုရ လျှင် သဘာဝဂေဟစနစ် လည်ပတ်မှုတွင် မီးလောင်မှုပြင်းအားနိမ့်သည့်မီးနှင့် အလားသဏ္ဍာန်တူ ထိန်းချုပ်ထား သည့်မီးကိုပြုလုပ်ထားခြင်း သို့မဟုတ် တောမီးများတွင် ပိုကြီးသည့်နေရာများသို့ အလျင်အမြန် ပျံ့နှံ့သွားခြင်း ကို ရပ်ရန် အရံအတားနေရာများ ထားပေးခြင်းတို့ဖြစ်သည်။

သို့သော် ရာသီဥတုပြောင်းလဲခြင်း၊ အပူလှိုင်းဖြတ်ခြင်း၊ တောမီးများ၊ ရေကြီး ခြင်းနှင့် မိုးခေါင်ခြင်းတို့ကို ဖြစ် စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ချက်ချင်းမရပ်လျှင် သိသိသာသာပင် ဆိုးဝါးလာမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက တညီတညွတ်တည်း ပြောထားကြသည်။

“ခုမီးလောင်မှုတွေကို နောက် ဆယ်နှစ်၊ နှစ် ၂၀ အကြာလောက်မှာ ကျွန်တော်တို့ ပြန်ကြည့်ရင် အဲဒီအချိန် လောင်တဲ့မီးတွေနဲ့ စာရင် ခုလောင်တာတွေက ပမွှားလေးသာ ဖြစ်နေတာကို တွေ့ရတော့မှာ” ဟု စပိန်တက္ကသိုလ် လီဒါမှ သစ်တောအင်ဂျင်နီယာ ပါမောက္ခ ဗစ်တာရက်စ်ကိုဒီဒီအို့စ်က ဆိုလေသည်။

မေမိုး

How climate change drives heatwaves and wildfires in Europe, Reuters ကို ဘာသာပြန်ပါသည်။

ဗီဒီယိုများ