ဂမ်ဘီယာတွင် ကလေး ၆၆ ဦးသေဆုံးမှု အိန္ဒိယထုတ် ခြောင်းဆိုးပျောက်ဆေးရည်ကို WHO စစ်ဆေးမည်

ဂမ်ဘီယာနိုင်ငံတွင် ကလေးငယ် ၆၆ ဦးအထိ သေဆုံးခဲ့ရသည့်ဖြစ်စဉ်၌ အိန္ဒိယအခြေစိုက် Maiden Pharmaceuticals ဆေးဝါးကုမ္ပဏီက ထုတ်လုပ်သည့် ကလေးခြောင်းဆိုးပျောက်ဆေးနှင့် နှာစေးအအေးမိပျောက် ဆေးရည်များသည် ဆက်စပ်ပတ်သက်မှုရှိနေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အောက်တိုဘာလ ၅ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

07 Oct 2022

ဂမ်ဘီယာနိုင်ငံတွင် ကလေးငယ် ၆၆ ဦးအထိ သေဆုံးခဲ့ရမှုနှင့်ဆက်စပ်၍ စစ်ဆေးမည့် အိန္ဒိယနိုင်ငံထုတ် ခြောင်းဆိုးပျောက်ဆေးရည်များအား WHO က ထုတ်ပြန်ထားသည့်ပုံ။

DMG ၊ အောက်တိုဘာ ၇

ဂမ်ဘီယာနိုင်ငံတွင် ကလေးငယ် ၆၆ ဦးအထိ သေဆုံးခဲ့ရသည့်ဖြစ်စဉ်၌ အိန္ဒိယအခြေစိုက် Maiden Pharmaceuticals ဆေးဝါးကုမ္ပဏီက ထုတ်လုပ်သည့် ကလေးခြောင်းဆိုးပျောက်ဆေးနှင့် နှာစေးအအေးမိပျောက် ဆေးရည်များသည် ဆက်စပ်ပတ်သက်မှုရှိနေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အောက်တိုဘာလ ၅ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ယခုသတိပေးချက် ထုတ်ပြန်ထားသည့် ဆေးဝါးများသည် ဂမ်ဘီယာနိုင်ငံအပြင် ကမ္ဘာတစ်ဝန်းရှိ အခြားနေရာများတွင်လည်း ရောက်ရှိနေနိုင်ကြောင်း WHO က သတိပေးသည်။

အအေးမိ၊ ချောင်းဆိုးနှင့် နှာစေးပျောက်ဆေးရည် လေးမျိုးသည် ပြင်းထန်ကျောက်ကပ်ဒဏ်ရာရမှုနှင့် ကလေးငယ် ၆၆ ဦး သေဆုံးမှုတို့နှင့် ဆက်စပ်နိုင်ခြေရှိနေကြောင်း WHO အကြီးအကဲ တီဒရော့အက်ဟန်နွန်ဂယ်ဘရီယက်ဆက်က သတင်းထောက်များကို ပြောကြားသည်။

WHO က သတိပေးချက်ထုတ်ပြန်ခဲ့သည့် ဆေးဝါးလေးမျိုးမှာ Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup နှင့် Magrip N Cold Syrup တို့ဖြစ်သည်။ အဆိုပါဆေး လေးမျိုးလုံးသည် အိန္ဒိယအခြေစိုက် Maiden Pharmaceuticals ဆေးဝါးကုမ္ပဏီက ထုတ်လုပ်သည့် ဆေးဝါးများ ဖြစ်သည်။

ဂမ်ဘီယာနိုင်ငံ၌ ကလေးငယ် ၆၆ ဦးအထိ သေဆုံးခဲ့ရသည့်ဖြစ်စဉ်သည် ကမ္ဘာ့ဆေးဝါးထုတ်လုပ်မှု နိုင်ငံအဖြစ်ရှိနေသည့် အိန္ဒိယအတွက်လည်း အကြီးအကျယ် ထိုးနှက်ခံရမှုတစ်ရပ်ဖြစ်သည်။

WHO က ထုတ်ပြန်ခဲ့ပြီးနောက်တွင် အိန္ဒိယအစိုးရဘက်မှ တာဝန်ရှိသူများသည် Maiden က ထုတ်လုပ်သည့် အဆိုပါ ဆေးဝါးနမူနာများကို စမ်းသပ်စစ်ဆေးနေကြောင်း အရာရှိတစ်ဦးက အောက်တိုဘာလ ၆ ရက်နေ့တွင် ပြောကြားသည်။

“နမူနာတွေကိုစစ်ဆေးဖို့ ဗဟိုဆေးဝါး ဓာတ်ခွဲခန်းဆီပို့ထားပါပြီ”ဟု Maiden စက်ရုံများတည်ရှိရာ ဟာယာနပြည်နယ် ကျန်းမာရေးဝန်ကြီး အာနီးဗစ်က သတင်းထောက်များအား ပြောကြားသည်။

“လွဲမှားနေတာတစ်ခုခု တွေ့ရှိခဲ့မယ်ဆိုရင် တိတိကျကျ အရေးယူမှုတွေ ပြုလုပ်သွားမှာပါ”ဟုလည်း သူကပြောသည်။

ဗီဒီယိုများ