နိုင်ဂျီးရီးယား တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေ ၂၀၀ အထိ မြင့်တက်

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း၌ ဝင်ရောက်စီးနင်းမှုများ အတွင်း သေနတ်သမားများသည် အနည်းဆုံး လူပေါင်း ၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြပြီး လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွေ့ပြောင်းခဲ့ကြရသည်ဟု နိုင်ဂျီးရီးယား တာဝန်ရှိသူများက တနင်္ဂနွေနေ့က ပြောကြားသည်။ အဆိုပါ တိုက်ခိုက်မှုသည် အာဏာ ထိန်းသိမ်းရန်အတွက် ရုန်းကန်နေကြရသော နိုင်ဂျီးရီးယားအာဏာပိုင်များကို အကြပ်ရိုက် စေခဲ့သည်။

17 Jan 2022

ပုံပါ ကင်းလှည့်ကားများ (၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ရိုက်ကူးထားသောပုံ) သည် သေနတ်သမားများ၏ လူသတ်တိုက်ခိုက်မှုများကို ရပ်တန့်စေရန် မစွမ်းဆောင်နိုင်ခဲ့ချေ။ (ဓာတ်ပုံ - AFP)

DMG ၊ ဇန်နဝါရီ ၁၇

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း၌ ဝင်ရောက်စီးနင်းမှုများ အတွင်း သေနတ်သမားများသည် အနည်းဆုံး လူပေါင်း ၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြပြီး လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွေ့ပြောင်းခဲ့ကြရသည်ဟု နိုင်ဂျီးရီးယား တာဝန်ရှိသူများက တနင်္ဂနွေနေ့က ပြောကြားသည်။ အဆိုပါ တိုက်ခိုက်မှုသည် အာဏာ ထိန်းသိမ်းရန်အတွက် ရုန်းကန်နေကြရသော နိုင်ဂျီးရီးယားအာဏာပိုင်များကို အကြပ်ရိုက် စေခဲ့သည်။

အာဖရိက၏ လူဦးရေအများဆုံးနိုင်ငံရှိ မွေးမြူရေးသမားများနှင့် လယ်သမားများသည် နိုင်ဂျီးရီးယား အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ မြေယာများကို အသုံးချခွင့်ရရှိရေးအတွက် နှစ်အတန်ကြာ ထိပ်တိုက်တွေ့ခဲ့ကြပြီး အချို့သောအုပ်စုများမှာ သတ်ဖြတ်ခြင်း၊ လုယက်ခြင်းနှင့် ပြန်ပေးဆွဲခြင်းများကို ကျူးလွန်ကြသည့် ဓားပြ ရာဇဝတ်ဂိုဏ်းများ ဖြစ်လာကြသည်။

စနေနေ့ အစောပိုင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ကြီး ဆဒီယာ အူမာ ဖာရို့က ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဇမ်ဖာရာပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကို ကြောက်မက်ဖွယ်ကောင်းပြီး ကြေကွဲဖွယ်ကောင်းသောဖြစ်ရပ်ဟု ပြောဆိုခဲ့ပြီး အသေးစိတ်အချက်အလက်များကို စိစစ်ပြီးနောက် ပထမဆုံး တရားဝင်သေဆုံးမှုစာရင်းကို ထုတ်ပြန်ခဲ့သည်။

ဓားပြများ၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော လူပေါင်း ၂၀၀ ကျော်ကို သဂြိုလ်ခဲ့ရသည်ဟု သူမက ထုတ်ပြန်မှုတစ်ခုတွင် ပြောကြားခဲ့သည်ကို သူမ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် နီကာ အစ်ကန် အန်နီဘိစ်က တနင်္ဂနွေနေ့တွင် အတည်ပြုပြောဆိုခဲ့သည်။

လူပေါင်း တစ်သောင်းကျော်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြချိန်တွင် ၎င်းတို့၏ နေအိမ်များကို ဓားပြများက ဖျက်ဆီးခဲ့ပြီး အရေအတွက်ကိုမူ အတိအကျ မသိရသေးကြောင်း ဝန်ကြီးက ပြောကြားသည်။

လွန်ခဲ့သောနှစ်ရက်က သေနတ်သမားများသည် အန်ကာနှင့် ဘူကူရန် နယ်မြေများအတွင်း ဝင်ရောက်သောင်းကျန်းချိန်တွင် အနည်းဆုံး လူပေါင်း ၁၄၀ ကို သတ်ဖြတ်ခဲ့သည်ဟု ဒေသခံ ၄ ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ စနေနေ့တွင် ပြောကြားသည်။

လက်နက်ကိုင်များသည် မြင်မြင်သမျှ လူများကို ပစ်သတ်ခဲ့ကြသည်ဟု ကူဖာဒန်ရ ရွာသားတစ်ဦး ဖြစ်သော ဘဘန်ဒီဟမီဒူက ပြောကြားခဲ့သည်။

ဇန်ဖာရာပြည်နယ် အုပ်ချုပ်သူ မာတာဝဲလ်သည် ပြီးခဲ့သောနှစ်က သုံးလနီးပါးကြာ ဆက်သွယ်ရေးများ ဖြတ်တောက်ခြင်း၊ လောင်စာဆီရောင်းချမှုကို ကန့်သတ်ခြင်း၊ အသားရောင်းချသည့်ဈေးများ ပိတ်ခြင်း အစရှိသည့် စည်းကမ်းချက်များ တင်းကြပ်စွာချမှတ်၍ ဓားပြများ အင်အားယုတ်လျော့စေရန် ပြုလုပ်ခဲ့သော်လည်း တိုက်ခိုက်မှုများမှာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

ဗီဒီယိုများ