အယ်ဘီနိုကလေးငယ် ပြန်ပေးဆွဲခံရမှုနှင့် ဆက်စပ်ပြီး အရပ်သား ၁၉ ဦး အသတ်ခံခဲ့ရကြောင်း မာဒါဂါစကာရဲတပ်ဖွဲ့ ပြော

လူဖြူရောဂါ (အယ်ဘီနို) စွဲကပ်နေသည့် ကလေးငယ်တစ်ဦး ပြန်ပေးဆွဲခံရမှုနှင့် ပတ်သက်၍ ဒေါသထွက်နေကြသော လူအုပ်ကြီးနှင့် ထိတွေ့မှုဖြစ်ရာတွင် ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် အရပ်သား ၁၉ ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မာဒါဂါစကာရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

01 Sep 2022

ရုပ်ပုံ - AFP

DMG ၊ စက်တင်ဘာ ၁

လူဖြူရောဂါ (အယ်ဘီနို) စွဲကပ်နေသည့် ကလေးငယ်တစ်ဦး ပြန်ပေးဆွဲခံရမှုနှင့် ပတ်သက်၍ ဒေါသထွက်နေကြသော လူအုပ်ကြီးနှင့် ထိတွေ့မှုဖြစ်ရာတွင် ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် အရပ်သား ၁၉ ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မာဒါဂါစကာရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

ဒဏ်ရာရရှိသူ ၂၁ ဦးကို နိုင်ငံအရှေ့တောင်ပိုင်းရှိ အီကွန်ဂိုဆေးရုံတွင် ကုသလျက်ရှိသည်ဟု နိုင်ငံတော်ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

ဓားများကိုင်ဆောင်ထားသည့် ဆန္ဒပြသူ ၅၀၀ ခန့်သည် သြဂုတ်လ ၂၈ ရက်နေ့က ရဲစခန်းတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြကြောင်း ပစ်ခတ်မှုတွင် ပါဝင်သော အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားသည်။

ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို လှည့်ပြန်ကြရန် ပြောကြားသလို အခြေအနေ တည်ငြိမ်အောင် ထိန်းသိမ်းရန်အတွက် ရဲဝန်ထမ်းများ ထပ်တိုးချထားခဲ့သည်။

ဖြစ်ပျက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမိသားစုများကို ရဲတပ်ဖွဲ့က ဝမ်းနည်းရကြောင်း အသိအမှတ်ပြု ပြောကြားခဲ့ပြီး အဆိုပါဖြစ်စဉ်ကို စုံစမ်းနေကြောင်းလည်း ပြောကြားသည်။

လူဖြူရောဂါစွဲကပ်နေသည့် ကလေးငယ်ကို ပြန်ပေးဆွဲမှုသည် ပြီးခဲ့သည့် သီတင်းပတ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကလေးငယ်၏ မိခင်ကို ဓားပြများက သတ်ဖြတ်သွားခဲ့ကြောင်း အရာရှိများ၏ ပြောကြားချက်အရ သိရသည်။ ကလေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထပ်မံ မသိရပေ။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး သံသယရှိသူ လေးဦးကို ဖမ်းဆီးထားသော်လည်း အဆိုပါဒေသရှိ ဒေသခံအချို့က ဖြစ်စဉ်ကို ကိုယ့်ကိုယ့်ကိုယ် စီရင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

မာဒါဂါစကာတွင် ၂၀၁၃ ခုနှစ်ကလည်း နိုစီဘီကျွန်း၌ ကလေးငယ်တစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး လူသုံးဦးကို လူအုပ်ကြီးက မီးရှို့သတ်ဖြတ်ခဲ့သည်။

လူဖြူရောဂါသည် အသားကို နက်မှောင်စေသည့် မယ်လနင်ဓာတ် ချို့တဲ့သူများ ခံစားရသည့် ရောဂါဖြစ်သည်။ ရောဂါရှင်များသည် အသား၊ ဆံပင်နှင့် မျက်လုံးများပါ ဖြူဆွတ်သွားသည်။

ဆာဟာရဒေသခွဲနှင့် အာဖရိကနိုင်ငံများတွင် လူဖြူရောဂါရှိသူများသည် တိုက်ခိုက်ခံရလေ့ရှိတတ်သည်။ အဆိုပါဒေသများတွင် လူဖြူရောဂါရှင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများအား စုန်းကဝေအတတ်ပညာများ အတွက် အသုံးပြုကြပြီး လာဘ်လာဘကောင်းများ ဆောင်ကြဉ်းပေးသည်ဟု အယူရှိတတ်ကြသည်။

ဗီဒီယိုများ