- လူသားချင်းစာနာမှု အကျပ်အတည်း အကြီးမားဆုံး ထိပ်တန်း ၅ နိုင်ငံတွင် မြန်မာပါဝင်
- ဂွတိုက်ပွဲ နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ပွား
- အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
မြန်မာစစ်တပ် ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ရန် ICC ရှေ့နေ တောင်းဆို
မြန်မာစစ်ကောင်စီကမူ မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်မဟုတ်သလို ICC ၏ ထုတ်ပြန်ကြေညာချက်များကိုလည်း အသိအမှတ် မပြုကြောင်း ရိုက်တာသတင်းဌာနသို့ တုံ့ပြန်ဖြေကြားချက်၌ ဖော်ပြထားသည်။
28 Nov 2024
မွတ်ဆလင်ဒုက္ခသည်များအပေါ် ကျူးလွန်ခဲ့သော ပြစ်မှုများနှင့် ပတ်သက်ပြီး မြန်မာစစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဖမ်းဝရမ်း ထုတ်နိုင်ရေးအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) တွင် လျှောက်ထားလိုက်ပြီ ဖြစ်ကြောင်း ICC ရှေ့နေက နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
မွတ်ဆလင်များကို ညှဉ်းပမ်းနှိပ်စက်မှုနှင့် မောင်းထုတ်မှုတို့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွင် တာဝန်ရှိ၊မရှိ ဆိုသည်ကို တရားသူကြီးသုံးဦးပါဝင်သည့် တရားစီရင်ရေးအဖွဲ့က ဆုံးဖြတ်မည်ဖြစ်သည်။ ဆုံးဖြတ်ချက် ချမှတ်ရန် အချိန် သတ်မှတ်ထားခြင်း မရှိသော်လည်း များသောအားဖြင့် ဖမ်းဝရမ်းထုတ်ရန်အတွက် သုံးလဝန်းကျင်ခန့် ကြာမြင့်တတ်သည်။
မြန်မာစစ်ကောင်စီကမူ မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်မဟုတ်သလို ICC ၏ ထုတ်ပြန်ကြေညာချက်များကိုလည်း အသိအမှတ် မပြုကြောင်း ရိုက်တာသတင်းဌာနသို့ တုံ့ပြန်ဖြေကြားချက်၌ ဖော်ပြထားသည်။
၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့အတွင်း မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး စီမံချက်များကြောင့် မွတ်ဆလင် ၇ သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ မွတ်ဆလင်များအပေါ် ပြစ်မှုကျူးလွန်ခဲ့သူများတွင် ရဲနှင့် စစ်သားများအပြင် ဗုဒ္ဓဘာသာဝင် ဒေသခံများလည်း ပါဝင်ပြီး ကျေးရွာ ရာပေါင်းများစွာကို မီးရှို့ခြင်း၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် အုပ်စုလိုက် အဓမ္မပြုကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အရာရှိများက စွပ်စွဲပြောဆိုထားသည်။
ထွက်ပြေးသွားသော မွတ်ဆလင်များသည် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများနှင့် ဘင်္ဂလားပင်လယ်အော်ရှိ ဘာဆန်ချာကျွန်းတို့တွင် နေထိုင်လျက်ရှိသည်။
မြန်မာသည် ICC အဖွဲ့ဝင်မဟုတ်ပေ။ သို့သော်လည်း ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ် ဆုံးဖြတ်ချက်များအရ ICC အဖွဲ့ဝင်ဖြစ်သော ဘင်္ဂလားဒေ့ရှ်နှင့် ဆက်နွယ်ပြီး နယ်မြေဖြတ်ကျော် ပြစ်မှုများ ကျူးလွန်ခြင်း ရှိခဲ့သည့်အတွက် ICC အနေဖြင့် မြန်မာအပေါ် တရားစီရင်ပိုင်ခွင့် ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။
အခြားတစ်ဘက်တွင်လည်း အဖွဲ့ဝင် ၁၂၄ နိုင်ငံရှိသည့် ICC တွင် သီးခြားရဲတပ်ဖွဲ့ မရှိပေ။ သို့အတွက်ကြောင့် အဖွဲ့ဝင်နိုင်ငံများက ဖမ်းဆီးပေးမှုအပေါ်တွင်သာ မှီခိုနေရခြင်း ဖြစ်သည်။ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံပြင်ပသို့ ခရီးထွက်ခွာခြင်း မရှိသလောက်သာ ဖြစ်သဖြင့် သူ့ကို လက်ရဖမ်းဆီးရေးမှာ ဖြစ်နိုင်ခြေနည်းသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။
ICC က ဖမ်းဝရမ်း ထုတ်ပြန်ထားသည့် နိုင်ငံခေါင်းဆောင် အများအပြားရှိပြီး ၎င်းတို့ထဲတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၊ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့လည်း ပါဝင်သည်။
ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သော အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့သည်လည်း ICC အဖွဲ့ဝင် မဟုတ်ကြပေ။