တန်ဖိုးဖြတ်မရသည့် ရှေးဟောင်းလက်ရာများကို မူလနိုင်ငံများ ပြန်လည်ပိုင်ဆိုင်နိုင်အောင် ကမ္ဘာ့နိုင်ငံများမှ ယဉ်ကျေးမှုဝန်ကြီးများ စုပေါင်းကြိုးပမ်းမည်

သမိုင်းဝင်ယဉ်ကျေးမှုလက်ရာများကို သက်ဆိုင်ရာ မူလနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၅၀ မှ ယဉ်ကျေးမှုဝန်ကြီးများနှင့် ကိုယ်စားလှယ်များက ကတိပြုလိုက်ကြကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်အရ သိရသည်။ မက္ကစီကိုတွင်ကျင်းပခဲ့သည့် ယူနက်စကို ကွန်ဖရင့်တစ်ရပ်အပြီးတွင် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

02 Oct 2022

ဓာတ်ပုံ - Reuters

DMG ၊ အောက်တိုဘာ ၂

သမိုင်းဝင်ယဉ်ကျေးမှုလက်ရာများကို သက်ဆိုင်ရာ မူလနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၅၀ မှ ယဉ်ကျေးမှုဝန်ကြီးများနှင့် ကိုယ်စားလှယ်များက ကတိပြုလိုက်ကြကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်အရ သိရသည်။ မက္ကစီကိုတွင်ကျင်းပခဲ့သည့် ယူနက်စကို ကွန်ဖရင့်တစ်ရပ်အပြီးတွင် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သောနှစ်များအတွင်း အထင်ကရ ပြတိုက်ကြီးများ၊ လေလံအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကစုဆောင်းသူများသည် ၎င်းတို့ပိုင်ဆိုင်ထားသော တန်ဖိုးဖြတ်မရသည့် ရှေးဟောင်းပစ္စည်များနှင့် အနုပညာလက်ရာများကို မူလပိုင်ရှင်နိုင်ငံများသို့ ပြန်ပေးကြရန် ဖိအားပေးခံနေရသည်။

အထူးဖြင့် လက်တင်အမေရိကနှင့် အာဖရိကနိုင်ငံများမှ ၎င်းတို့ရယူထားသော ပစ္စည်းများသည် တရားမဝင် သို့မဟုတ် ကျင့်ဝတ်မညီဘဲ ရရှိထားကြသည်များဖြစ်သည်ဟု ထောက်ပြပြောဆိုမှုများလည်း ရှိနေသည်။

တရားမဝင် ရရှိထားသော အနုပညာလက်ရာများအရေး၊ ရှေးဟောင်းပစ္စည်း မှောင်ခိုဈေးကွက်ကို တိုက်ဖျက်ရေးတို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ထုတ်ပြန်လိုက်သည့် ယခုကြေညာချက်တွင် တောင်းဆိုထားသည်။

စက်တင်ဘာလတွင် အင်္ဂလန်ဘုရင်မကြီး အဲလစ်ဇဘက် ကွယ်လွန်ချိန်၌လည်း ဘုရင်မကြီး၏ သရဖူတွင် တပ်ဆင်ထားသည့် ကမ္ဘာ့အကြီးဆုံးစိန်အား အိန္ဒိယသို့ပြန်ပေးရန် တောင်းဆိုမှုများ တစ်ကျော့ပြန်ပေါ်ပေါက်ခဲ့သည်။

မက္ကစီကိုအစိုးရသည်လည်း နှစ်ပေါင်း ၅၀၀ သက်တမ်းရှိပြီဖြစ်သော မွန်တီဇူးမား ခေါင်းဆောင်းဟု သိကြသည့် အက်ဇတက်သရဖူကို ပြန်ပေးရန် ဗီယင်နာပြတိုက်သို့ တောင်းဆိုခဲ့ဖူးသည်။ သို့သော်လည်း အဆိုပါသရဖူတွင် အလှဆင်ထားသည့် ငှက်တောင်မွှေးများသည် ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် ရွှေ့ပြောင်းသယ်ဆောင်လျှင် ပျက်စီးသွားနိုင်ကြောင်း ပညာရှင်များက ထောက်ပြထားသည်။

ဗီဒီယိုများ