အင်ဒိုနီးရှားတွင် ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး ၁၆၂ ဦးသေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် တနင်္လာနေ့ညပိုင်းက ငလျင်လှုပ်ခတ်ခဲ့သည့်အတွက် အနည်းဆုံး ၁၆၂ ဦး သေဆုံးကာ ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။ လက်ရှိအချိန်အထိ ပျောက်ဆုံးနေသူများလည်း အများအပြားရှိနေဆဲဖြစ်သည်။

By Admin 22 Nov 2022

အင်ဒိုနီးရှားတွင် ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး ၁၆၂ ဦးသေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရ

ဓာတ်ပုံ - AFP

DMG | နိုဝင်ဘာ ၂၂

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် တနင်္လာနေ့ညပိုင်းက ငလျင်လှုပ်ခတ်ခဲ့သည့်အတွက် အနည်းဆုံး ၁၆၂ ဦး သေဆုံးကာ ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။ လက်ရှိအချိန်အထိ ပျောက်ဆုံးနေသူများလည်း အများအပြားရှိနေဆဲဖြစ်သည်။

အဆိုပါငလျင်သည် တနင်္လာနေ့ညပိုင်းက အနောက်ဂျာဗားရှိ ရှန်ဂျာဒေသကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံများ ပြိုကျခြင်း၊ မြေပြိုကျခြင်းများ ဖြစ်ပွားခဲ့ကာ လှုပ်ခတ်မှုအရှိန်ကို မြို့တော် ဂျကာတာအထိ ခံစားခဲ့ရသည်။ ရှန်ဂျာမြို့တွင် နာရီပေါင်းများစွာ လျှပ်စစ်ဓာတ်အား ပြတ်လပ်ခဲ့သည်။

“လူပေါင်း ၁၆၂ ဦး သေဆုံးကြောင်း ဝမ်းနည်းစွာ အသိပေးပါတယ်။ ဒဏ်ရာရသူ ၃၂၆ ဦးရှိပြီး အများစုဟာ အဆောက်အအုံတွေ ပြိုကျရာမှာ ဒဏ်ရာရခဲ့ကြသူတွေပါ” ဟု ငလျင်ဒဏ်ကို အဆိုးဆုံး ခံစားခဲ့ရသည့် အနောက်ဂျာဗားခရိုင် မြို့တော်ဝန်က ပြောကြားသည်။ သေဆုံးဒဏ်ရာရသူ အများစုသည် ကလေးငယ်များဖြစ်ကြောင်းလည်း သူက ပြောဆိုသည်။

ဒေသအာဏာပိုင်များကမူ ဒဏ်ရာရသူ ၇၀၀ ခန့်အထိရှိနိုင်ကြောင်း အစောပိုင်းက ခန့်မှန်းပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်အပြီး၌ ဆာယန်းမြို့ရှိဆေးရုံတွင် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သဖြင့် အရေးပေါ်လူနာများအား ချက်ချင်းကုသမှု မပြုလုပ်နိုင်ဘဲ ဖြစ်ခဲ့သည်။

ဒဏ်ရာရရှိသူများအား ဒေသခံများက ထရပ်ကားများ၊ မော်တော်ဆိုင်ကယ်များဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးနေကြသည်ကို ဗီဒီယိုဖိုင်းများ၌ တွေ့မြင်ရသည်။

လတ်တလော၌ အဆောက်အအုံ အပျက်အစီးများကြားတွင် ပိတ်မိနေသူ ၂၅ ဦးရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး အေဂျင်စီ BNPB က ပြောကြားသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော နေအိမ်ပေါင်း အလုံး ၂၀၀၀ ကျော်ရှိပြီး လူပေါင်း ၁၃၀၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်းများ၌ နေရာချထားကြောင်းလည်း BNPB ၏ ပြောကြားချက်အရ သိရသည်။

ဗီဒီယိုများ