အင်ဒိုနီးရှားတွင် ဓားကိုင်လုယက်သူများကို အသေပစ်ခတ်ဖမ်းဆီးရန် တိုက်တွန်းမှုများ ရှိလာနေ

လူ့အခွင့်အရေးအဖွဲ့များကမူ ဤကဲ့သို့ ပြောကြားမှုမျိုးသည် တရားလက်လွတ် လူသတ်မှုများကို အားပေးအားမြှောက် ပြုရာရောက်ကြောင်း ရှုတ်ချပြောကြားသည်ဟုလည်း သတင်းတွင် ဖော်ပြသည်။

By Admin 16 Aug 2023

 ၂၀၂၃ ခုနှစ် မတ်လက တံစဉ်ကိုင်ပြီး အကြမ်းဖက်လုယက်မှုတစ်ခုအား နောက်ကကားပေါ်မှ ရိုက်ယူထားသည့် ဗီဒီယိုတစ်ခုတွင် တွေ့ရစဉ်။ ဓာတ်ပုံ - Coconuts Jakarta
၂၀၂၃ ခုနှစ် မတ်လက တံစဉ်ကိုင်ပြီး အကြမ်းဖက်လုယက်မှုတစ်ခုအား နောက်ကကားပေါ်မှ ရိုက်ယူထားသည့် ဗီဒီယိုတစ်ခုတွင် တွေ့ရစဉ်။ ဓာတ်ပုံ - Coconuts Jakarta

ခုတ်ဓားကိုင်ပြီး အကြမ်းဖက်လုယက်မှုများ အများအပြားရှိလာနေသည့် အင်ဒိုနီးရှားနိုင်ငံတွင် အဆိုပါလူရမ်းကားများကို တွေ့သည့်နေရာတွင်ပစ်သတ်ရန် ထင်ရှားသော နိုင်ငံရေးသမားအချို့က ရဲတပ်ဖွဲ့အား လေသံပေးပြောကြားမှုများ ရှိလာနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။  

လူ့အခွင့်အရေးအဖွဲ့များကမူ ဤကဲ့သို့ ပြောကြားမှုမျိုးသည် တရားလက်လွတ် လူသတ်မှုများကို အားပေးအားမြှောက် ပြုရာရောက်ကြောင်း ရှုတ်ချပြောကြားသည်ဟုလည်း သတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သည့်လက မြောက်ပိုင်းဆူမားတြားပြည်နယ် မီဒန်မြို့တွင် အင်ဒိုနီးရှားရဲက ဘီဂါးတစ်ဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့သည်။ ‘ဘီဂါး’ သည် လမ်းဘေး အကြမ်းဖက်လုယက်သူများကို အင်ဒိုနီးရှားစကားဖြင့် ခေါ်ဝေါ်ကြသည့် အသုံးအနှုန်း ဖြစ်သည်။

မီဒန်မြို့တော်ဝန်ဖြစ်သလို သမ္မတ ဂျိုကိုဝီဒိုဒို၏ သားမက်တော်စပ်သူလည်း ဖြစ်သည့် ဘော်ဘီနာဆုရှင်က အရာရှိများ၏ လုပ်ရပ်ကို ချီးမွမ်းပြောကြားသလို ဤသို့သော ရာဇဝတ်သားများကို တွေ့ရာနေရာ၌ အသေပစ်သတ်သင့်သည်ဟုပါ ပြောကြားခဲ့သည်။

“ဒီလုပ်ရပ်ကို ကျွန်တော် အသိအမှတ်ပြုပါတယ်။ ဘီဂါးတွေနဲ့ ရာဇဝတ်သားတွေအတွက် မီဒန်မှာ နေရာမရှိပါဘူး” ဟု သူကပြောသည်။

မြို့တော်ဝန်၏ ပြောကြားချက်အပေါ် သမ္မတဝီဒိုဒိုက တစုံတရာ မှတ်ချက်ပေးခြင်း မရှိသော်လည်း မြောက်ပိုင်းဆူမားတြားပြည်နယ် အုပ်ချုပ်ရေးမှူး အပါအဝင် အခြား ခေါင်းဆောင်များကမူ ထောက်ခံပြောကြားကြသည်ကို တွေ့ရသည်။

လူ့အခွင့်အရေး အဖွဲ့အစည်းများကမူ ဤသတ်ဖြတ်မှုအပေါ် စုံစမ်းစစ်ဆေးစေလိုကြပြီး မြို့တော်ဝန်၏ ပြောကြားချက်သည် ရဲအရာရှိများနှင့် ပြည်သူလူထုများအနေဖြင့် ကိုယ့်တရားကို ကိုယ်စီရင်အောင် လက်လွတ်စပယ် ပြောဆိုမှုအဖြစ်ပါ ရှုတ်ချပြောကြားခဲ့သည်။

“ယခုကဲ့သို့ တရားလက်လွတ် လုပ်ရပ်များကို ထောက်ခံအားပေးကြောင်း အစိုးရအရာရှိများက ထုတ်ဖော်ပြောဆိုမှုသည် ဆီလျော်သင့်မြတ်မှုမရှိ” ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့ အင်ဒိုနီးရှား တာဝန်ခံ (AII) အူစမန်ဟာမစ်က အေအက်ဖ်ပီသို့ ပြောကြားသည်။

အခြားတစ်ဘက်တွင်လည်း မြို့တော်ဝန်၏ ပြောကြားချက်အပေါ် ပြည်သူအချို့ကပါ ထောက်ခံမှုများ ရှိသည်ဟု သတင်းတွင်ဖော်ပြသည်။

ဘီဂါးတိုက်ခိုက်လုယက်မှုများကို ရိုက်ယူထားသည့် ဗီဒီယိုဖိုင်များတွင် ဆိုရှယ်မီဒီယာ အသုံးပြုသူများက လုယက်သူများကို အသေပစ်ခတ်ရန် သို့မဟုတ် သေဒဏ်ပေးရန် မှတ်ချက်ပေးပြောကြားမှုများ ရှိသည်။

ဂျာကာတာမြို့တော် အရှေ့ပိုင်း ရပ်ကွက်တစ်ခုတွင်ဆိုလျှင် ဘီဂါးများကို ဖမ်းဆီးနိုင်လျှင် အင်ဒိုနီးရှားငွေကြေး ၁၀ သန်း (အမေရိကန်ဒေါ်လာ ၆၆၂) ပေးမည်ဟု ဒေသခံခေါင်းဆောင်များက ဆုငွေထုတ်ထားသည်။

ဘီဂါးများသည် အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာ၊ မီဒန်နှင့် အခြား မြို့ပြနေရာများတွင် ကျင်လည်ကျက်စားကြပြီး ပြည်သူများအား ဓား၊ တံစဉ်၊ လေသေနတ်၊ အုတ်ခဲ အစရှိသည့် လက်နက်များဖြင့် တိုက်ခိုက်ကာ အကြမ်းဖက်လုယက်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် လုံခြုံရေးကင်မရာ နည်းသည့် နေရာများတွင် စကူတာကဲ့သို့ အနှေးယာဉ်များဖြင့် သွားလာကြသူများကို ပစ်မှတ်ထား လုယက်ပြီး မြန်မြန်ဆန်ဆန်ပင် ထွက်ပြေးလွတ်မြောက်ကြသည်။

အင်ဒိုနီးရှားတွင် ၂၀၂၃ ခုနှစ်အတွင်း လုယက်မှုများ မြင့်တက်လာပြီး မီဒန်တစ်မြို့တည်းတွင် ဘီဂါးတိုက်ခိုက်မှု ၄၅ ကြိမ်အထိ ရှိကြောင်း အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။ လေ့လာသူများကမူ သတင်းပေးပို့မှုမရှိသဖြင့် မှတ်တမ်းမတင်ထားသည့် ဖြစ်ရပ်များလည်း ရှိကြောင်း ထောက်ပြပြောဆိုထားသည်။

ဗီဒီယိုများ