အီရန်မှာ နာမည်ဆိုးဖြင့်ကျော်ကြားသည့် စာရိတ္တလုံထိန်းတပ်ကို ဖျက်သိမ်း

အီရန်အမျိုးသမီး မာဆာအာမီနီ သေဆုံးမှုတွင် အဓိကတာဝန်ရှိသော စာရိတ္တလုံထိန်းတပ်ကို ဖျက်သိမ်းလိုက်ပြီဟု အီရန်သတင်းဌာန ISNA က ကြေညာလိုက်သည်။

By Admin 05 Dec 2022

အီရန်မှာ နာမည်ဆိုးဖြင့်ကျော်ကြားသည့် စာရိတ္တလုံထိန်းတပ်ကို ဖျက်သိမ်း

ဓာတ်ပုံ - Financial Times

DMG | ဒီဇင်ဘာ ၅

အီရန်အမျိုးသမီး မာဆာအာမီနီ သေဆုံးမှုတွင် အဓိကတာဝန်ရှိသော စာရိတ္တလုံထိန်းတပ်ကို ဖျက်သိမ်းလိုက်ပြီဟု အီရန်သတင်းဌာန ISNA က ကြေညာလိုက်သည်။

“စာရိတ္တလုံထိန်းတွေဟာ တရားစီရင်ရေးနဲ့ ဘာမှမဆိုင်တဲ့အတွက် ဒီအဖွဲ့ကို ဖျက်သိမ်းလိုက်ပါပြီ” ဟု ရှေ့နေချုပ် မိုဟာမက်ဂျာဖာမွန်တာဇီရီက ပြောကြားကြောင်း ISNA သတင်းတွင် ဖော်ပြသည်။

မာဆာအာမီနီသည် အဆိုပါလုံထိန်းများထံတွင် ဖမ်းဆီးခံရပြီးနောက် သုံးရက်အကြာတွင် သေဆုံးခဲ့သည်။

အာမီနီသေဆုံးမှုနှင့်အတူ အီရန်နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြမှုများ နှစ်လကျော်အထိ ကြာမြင့်လာချိန်၌ ယခုကဲ့သို့ လုံထိန်းတပ်ကို ဖျက်သိမ်းကြောင်း ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဆန္ဒပြမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် သေဆုံးရသူစုစုပေါင်းသည် အနည်းဆုံး ၄၄၈ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အော်စလိုအခြေစိုက် အီရန်လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ထားသည်။

စာရိတ္တလုံထိန်းတပ်ဖွဲ့ကို အီရန်ယဉ်ကျေးမှုတော်လှန်ရေး အထူးကောင်စီက ဖွဲ့စည်းခဲ့ပြီး လက်ရှိသမ္မတ အီဗရာဟင်ရိုင်စီက ဦးဆောင်သည်။ ၂၀၀၆ ခုနှစ်တွင် ကင်းလှည့်စစ်ဆေးမှုများ စတင်ဆောင်ရွက်ခဲ့သည်။ အဓိကအားဖြင့် ဝတ်စားဆင်ယင်မှုများနှင့် ပတ်သက်၍ ချမှတ်ထားသော စည်းကမ်းများ လိုက်နာမှုရှိမရှိ စစ်ဆေးခြင်း ဖြစ်သည်။

အဆိုပါစည်းကမ်းချက်များတွင် အမျိုးသမီးများ အတိုအပြတ်မဝတ်ရန်၊ တစ်ကိုယ်လုံး ဖုံးအုပ်သည့် ဝတ်ရုံများ ဝတ်ဆင်ရန်၊ စုတ်ပြဲနေသည့် ဂျင်းဘောင်းဘီများ မဝတ်ရန် စသည့်အချက်များကအစ ပါဝင်သည်။

အီရန်၏ ဒေသတွင်းပြိုင်ဘက် ဆော်ဒီအာရေဗျနိုင်ငံတွင်လည်း စာရိတ္တလုံထိန်းများ ရှိသည်။ သို့သော်လည်း နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ရန် ကြိုးပမ်းမှုများ ရှိလာပြီးနောက် ၂၀၁၆ ခုနှစ်နောက်ပိုင်းမှစ၍ အဆိုပါလုံထိန်းများသည် အရေပါသောနေရာတွင် မရှိတော့ပေ။

ဗီဒီယိုများ