ဂါဇာမှ အရပ်သားများအားလုံး ၂၄ နာရီအတွင်း ထွက်ခွာကြရန် အစ္စရေး သတိပေး

ဂါဇာမြို့တွင် ရှိနေသည့် အရပ်သားများအားလုံး ၂၄ နာရီအတွင်း မြို့မှ ထွက်ခွာကြရန် အစ္စရေးစစ်တပ်က ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် သတိပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 13 Oct 2023

ဓာတ်ပုံများ - AP, AFP, Reuters
ဓာတ်ပုံများ - AP, AFP, Reuters

ဂါဇာမြို့တွင် ရှိနေသည့် အရပ်သားများအားလုံး ၂၄ နာရီအတွင်း မြို့မှ ထွက်ခွာကြရန် အစ္စရေးစစ်တပ်က ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် သတိပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြို့နေလူထု တစ်သန်းကျော်ကို ယခုကဲ့သို့ သတိပေးလိုက်သည့်အတွက် အစ္စရေးသည် ဟားမားစ်လက်နက်ကိုင်များကို မြေပြင်ထိုးစစ်ဖြင့် အပြတ်ချေမှုန်းရန် ပြင်ဆင်နေပြီဟု ယူဆစရာဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။


အစ္စရေးစစ်လေယာဉ်များသည် ဂါဇာဒေသကို အကြီးအကျယ် ဗုံးကြဲနေကြဆဲဖြစ်သလို ဂါဇာကမ်းမြောင်အနီးတွင်လည်း အစ္စရေးတင့်ကားများသည် မြေပြင်ထိုးစစ်အတွက် အသင့်အနေအထားဖြင့် ရှိနေသည်။
“တိုက်ပွဲဝင်ဖို့အချိန်ရောက်ပြီ” ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဂဲလန့်က ကြာသပတေးနေ့က ပြောကြားသည်။
လူအစုလိုက်အပြုံလိုက် နေရပ်ပြောင်းရွှေ့မှု ဖြစ်လာလျှင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီးလည်း ပေါ်ထွက်လာတော့မည်ဟု ကုလသမဂ္ဂက ပြောကြားထားသည်။

လာမည့်ရက်များအတွင်း ဂါဇာတွင် စစ်ဆင်ရေးများ ဆောင်ရွက်မည်ဖြစ်ကာ အရပ်သားများအနေဖြင့် နောက်ထပ် ကြေညာချက် ထုတ်ပြန်ချိန်မှသာ နေရပ်ပြန်နိုင်မည်ဟု အစ္စရေးစစ်တပ်ဘက်က ထုတ်ပြန်ထားသည်။
ဟားမတ်စ်အရာရှိတစ်ဦးကမူ အစ္စရေးတို့၏ ဂါဇာအရေး သတိပေးချက်သည် အတုအယောင် ဝါဒဖြန့်ချိမှုသာဖြစ်ပြီး ဒေသခံများအနေဖြင့် မယုံကြည်ကြရန် ပြောကြားထားသည်။

အစ္စရေး-ဟားမတ်စ် ပဋိပက္ခအတွင်း အစ္စရေးဘက်မှ သေဆုံးသူ ၁၃၀၀ ခန့်ရှိနေပြီဖြစ်သလို ဂါဇာ အာဏာပိုင်များကလည်း သေဆုံးသူ ပါလက်စတိုင်းအရေအတွက်သည် ၁၅၀၀ ကျော်နေပြီဟု ထုတ်ပြန်ထားကြောင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။

ဂါဇာတွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုဆိုရွားလာနေပြီး ဆေးရုံများတွင် လောင်စာဆီဖြင့်မောင်းနှင်သည့် မီးစက်များလည်း ရပ်တန့်သွားနိုင်သလို စားနပ်ရိက္ခာနှင့် သောက်သုံးရေမှာလည်း လျော့နည်းလာနေပြီဟု အကူအညီပေးရေး အေဂျင်စီများ၏ ပြောကြားချက်များအရ သိရသည်။

ဗီဒီယိုများ