မြောက်ကိုရီးယားတွင် တောင်ကိုရီးယားဇာတ်ကားများနှင့် ဗီဒီယိုဖိုင်များ မျှဝေကြည့်ရှုမှုကြောင့် ကွပ်မျက်ခံရမှုများရှိ

မြောက်ကိုရီးယားအစိုးရသည် တောင်ကိုရီးယားမှ ထုတ်လုပ်သည့် ရုပ်ရှင်ဇာတ်ကား ဗီဒီယိုဖိုင်များနှင့် ဆက်စပ်ပြီး ပြည်သူများကို ကွပ်မျက်အပြစ်ပေးမှုများ ရှိနေကြောင်း တောင်ကိုရီးယားက ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်၌ ဖော်ပြထားသည်။

By Admin 30 Mar 2023

သရုပ်ဖော်ပုံ - KBIZoom
သရုပ်ဖော်ပုံ - KBIZoom

မြောက်ကိုရီးယားအစိုးရသည် တောင်ကိုရီးယားမှ ထုတ်လုပ်သည့် ရုပ်ရှင်ဇာတ်ကား ဗီဒီယိုဖိုင်များနှင့် အခြား မီဒီယာများ မျှဝေကြည့်ရှုမှု၊ မူးယစ်ဆေးဝါး သုံးစွဲမှု၊ ဘာသာရေး ဆောင်ရွက်ချက်များပြုလုပ်မှုများနှင့် ဆက်စပ်ပြီး ပြည်သူများကို ကွပ်မျက်အပြစ်ပေးမှုများ ရှိနေကြောင်း တောင်ကိုရီးယားက ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်၌ ဖော်ပြထားသည်။

တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံအရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်သည့် အစီရင်ခံစာ၌ ယခုကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။ အဆိုပါအစီရင်ခံစာသည် ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မြောက်ကိုရီးယားမှ ထွက်ပြေးလာသူ ၅၀၀ ကျော်၏ သက်သေထွက်ဆိုချက်များကို စုစည်းထားခြင်း ဖြစ်ကာ စာမျက်နှာ ၄၅၀ ပါရှိသည်။

“မြောက်ကိုရီးယားနိုင်ငံသားများ၏ ဘဝရှင်သန်ခွင့်သည့် အကြီးအကျယ် ခြိမ်းခြောက်ခံနေရသည့်သဘော ရှိသည်” ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

“မူးယစ်ဆေးဝါးအမှုများ၊ တောင်ကိုရီးယားဗီဒီယိုဖိုင်များ ဖြန့်ဝေမှုများ၊ ဘာသာရေးနှင့် အယူသီးမှုဆိုင်ရာ လုပ်ရပ်များအပါအဝင် သေဒဏ်ချမှတ်ရန်အထိ မဟုတ်သည့် ပြစ်မှုများအတွက် ကွပ်မျက်စီရင်ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာ၌ အခြားသော လုပ်ရပ်များကိုပါ အသေးစိတ်ဖော်ပြထားပြီး ၎င်းတို့၌ လူမှုအသိုင်းအဝိုင်း၊ အကျဉ်းထောင်စခန်းများနှင့် အခြားနေရာများ၌ အစိုးရကိုယ်တိုင် ကျူးလွန်သည့် အများပြည်သူရှေ့တွင် ကွပ်မျက်မှုများ၊ နှိပ်စက်မှုများနှင့် တစ်ဖက်သတ်ဖမ်းဆီးခြင်းများကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ပါဝင်သည်။

မြောက်ကိုရီးယားကမူ အဆိုပါအစီရင်ခံစာပါ အချက်အလက်များကို ငြင်းပယ်ပြီး အုပ်ချုပ်သူများကို ဖြုတ်ချရန် ကြံစည်မှုတစ်ရပ်အဖြစ်သာ သတ်မှတ်ပြောဆိုသည်။

ထိန်းသိမ်းရေးစခန်းများတွင် သေဆုံးမှု၊ နှိပ်စက်ညှဉ်းပမ်းမှုများ ပုံမှန်ဆိုသလို ဖြစ်ပျက်နေပြီး နယ်စပ်ဖြတ်ကျော် ထွက်ပြေးသူများ ဖမ်းမိခံရပါက အစုလိုက်အပြုံလိုက် ကွပ်မျက်ခံရခြင်းများ ရှိသည်ဟုလည်း အစီရင်ခံစာ၌ ဖော်ပြသည်။

မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးသူ ၃၄၀၀၀ ခန့် တောင်ကိုရီးယားတွင် အခြေချ နေထိုင်လျက်ရှိသော်လည်း ယခုနောက်ပိုင်းတွင် နယ်စပ်လုံခြုံရေးကို အထူးတင်းကြပ်ထားသဖြင့် ထွက်ပြေးသူအရေအတွက်လည်း လျော့နည်းလာလျက်ရှိသည်။ ၂၀၂၁ ခုနှစ်တွင် မြောက်ကိုရီးယားမှ ထွက်ပြေးလာသူ ၆၃ ဦးသာရှိပြီး ၂၀၂၂ တွင် ၆၇ ဦးရှိခဲ့ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်ကို ကိုးကားပြီး ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဗီဒီယိုများ