- လူသားချင်းစာနာမှု အကျပ်အတည်း အကြီးမားဆုံး ထိပ်တန်း ၅ နိုင်ငံတွင် မြန်မာပါဝင်
- ဂွတိုက်ပွဲ နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ပွား
- အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေး ကြီးထွားလာခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စဟု တရုတ်ပြော
မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၈,၀၀၀ ကျော် ရုရှားနယ်စပ်သို့ ရောက်ရှိလေ့ကျင့်နေပြီး ယူကရိန်းနှင့် တိုက်ပွဲကို ဝင်တိုက်ရန် အသင့်အနေအထားတွင် ရှိနေပြီဟု အမေရိကန်ပြည်ထောင်စုက သတိပေးလိုက်အပြီးတွင် တရုတ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
02 Nov 2024
DMG ၊ နိုဝင်ဘာ ၂
ပြုံးယမ်းနှင့် မော်စကိုတို့အကြား၌ ဆက်ဆံရေးတိုးတက်လာခြင်းသည် မိမိကိစ္စမဟုတ်ဟု တရုတ်က နိုဝင်ဘာလ ၁ ရက်နေ့တွင် အခိုင်အမာ ပြောကြားလိုက်ကြောင်း AFP က ဖော်ပြထားသည်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၈,၀၀၀ ကျော် ရုရှားနယ်စပ်သို့ ရောက်ရှိလေ့ကျင့်နေပြီး ယူကရိန်းနှင့် တိုက်ပွဲကို ဝင်တိုက်ရန် အသင့်အနေအထားတွင် ရှိနေပြီဟု အမေရိကန်ပြည်ထောင်စုက သတိပေးလိုက်အပြီးတွင် တရုတ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းလည်းဖြစ်သည်။
" မြောက်ကိုရီးယားနဲ့ ရုရှားတို့က လွတ်လပ်တဲ့ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံနှစ်ခုပါပဲ။ နှစ်နိုင်ငံ ဆက်ဆံရေး ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတာက သူတို့ရဲ့ ကိုယ်ပိုင်ကိစ္စပဲ ဖြစ်ပါတယ်" ဟု ဘေဂျင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် လင်ဂျီယန်းက ပြောကြားလိုက်သည်။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရာတွင် အသာစီးရရှိရန် ကြိုးပမ်းနေသည့် သမ္မတဗလာဒီမာပူတင်သည် မြောက်ကိုရီးယားထံမှ တပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်ပစ္စည်းများကို ယူဆောင်ထားပြီး ယခုဖြစ်စဉ်မှာ ရုရှားက ရာစုနှစ်တစ်ခုကျော် ကာလအတွင်း ၎င်း၏မြေပြင်သို့ နိုင်ငံခြားတပ်ဖွဲ့များကို ပထမဆုံးအကြိမ် ဖိတ်ကြားခြင်းလည်းဖြစ်သည်။
အမေရိကန်ထောက်လှမ်းရေး အချက်အလက်များကို ကိုးကား၍ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ရုရှားတွင် ရှိနေသည်ဟု ယူဆရသော မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၀,၀၀၀ အနက် ၈,၀၀၀ ခန့်မှာ Kursk နယ်စပ်ဒေသသို့ ရောက်ရှိနေသည်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးသည် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များ၏ ကိစ္စရပ်နှင့်စပ်လျဉ်း၍ ၎င်း၏မိတ်ဖက်များက ပျက်ကွက်မှုများရှိနေသည်ဟု ရှုတ်ချသွားခဲ့ပြီး တရုတ်နိုင်ငံ၏ တိတ်ဆိတ်နေမှုကိုလည်း အံ့အားသင့်ရသည်ဟု ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနှင့် ရုရှားတို့အကြား အပြန်အလှန်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို တိတိကျကျ မသိရှိကြောင်း ဘေဂျင်းက သောကြာနေ့တွင် တုံ့ပြန်ပြောကြားခဲ့သည်။
" ဒီဖြစ်စဉ်မှာ ပါဝင်တဲ့ အဖွဲ့အစည်းအသီးသီးက လက်ရှိအခြေအနေတွေပြီးဆုံးပြီး တိုးတက်မှုတွေ ရှိလာအောင် လုပ်ဖို့အတွက် မျှော်လင့်ထားတာနဲ့ ယူကရိန်းအကျပ်အတည်းအတွက် နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ဆိုတဲ့ တရုတ်ရဲ့ရပ်တည်မှုက မပြောင်းလဲပါဘူး"ဟု ဘေဂျင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် လင်ဂျီယန်းက ပြောကြားခဲ့သည်။