မင်းသားဟယ်ရီနှင့်ကြင်ယာတော်တို့ ထီးနန်းအရိုက်အရာ စွန့်လွှတ်သည့်အရေး တော်ဝင်မိသားစု ဆွေးနွေးမည်

မင်းသားဟယ်ရီတို့ဇနီးမောင်နှံအနေဖြင့် ၎င်းတို့၏ဆန္ဒအတိုင်း အရိုက်အရာစွန့်လွှတ်ကြောင်း ကြေညာခဲ့သော်လည်း ဆွေးနွေးညှိနှိုင်းလုပ်ဆောင်ရန် ကိစ္စများစွာရှိနေသေးရာ ဆုံးဖြတ်ထားသည့်အတိုင်း အကောင်အထည်ဖော်ရန်မှာ အချိန်တစ်ခု ကြာမြင့်လိမ့်ဦးမည်ဖြစ်သည်။

By Foreign Desk 13 Jan 2020

အစည်းအဝေးကို ဒုတိယအယ်လီဇဘက်ဘုရင်မကြီး၊ အိမ်ရှေ့မင်းသားချားလ်၊ မင်းသားဝီလျံနှင့် မင်းသားဟယ်ရီတို့ တက်ရောက်မည်ဖြစ်သည်။ (ဓာတ်ပုံ - Getty Images)

ဆော့ဆတ်စ်မြို့စားကြီး ဟယ်ရီနှင့် မြို့စားကတော် မီဂန်တို့ ထီးနန်းအရိုက်အရာစွန့်လွှတ်ကြောင်း ကြေညာသည့်အရေးနှင့် ပတ်သက်ပြီး တော်ဝင်မိသားစုသည် မျက်နှာစုံညီအစည်းအဝေးတစ်ရပ် ပြုလုပ်သွားရန် ရှိနေကြောင်း CNN နှင့် အခြား နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြထားသည်။

ဗြိတိန်တော်ဝင်မိသားစုဝင်များသည် တနင်္လာနေ့တွင် အစည်းအဝေးတစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း ဗြိတိန်ထီးနန်းမှ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခြင်းဖြစ်သည်။

ဒုတိယအယ်လီဇဘက်ဘုရင်မကြီး၊ အိမ်ရှေ့မင်းသားချားလ်၊ မင်းသားဝီလျံနှင့် မင်းသားဟယ်ရီတို့ ထိုအစည်းအဝေးကို တက်ရောက်ကြမည်ဖြစ်ပြီး မင်းသားဟယ်ရီ၏ ကြင်ယာတော်မီဂန်ကိုလည်း အစည်းအဝေးသို့ ဖိတ်ကြားဖွယ်ရှိနေသည်။

မင်းသားဟယ်ရီနှင့် ကြင်ယာတော်မီဂန်တို့သည် တော်ဝင်ထီးနန်းအရိုက်အရာစွန့်လွှတ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ၎င်းတို့နှစ်ဦးသည် မီဂန်၏မိဘများရှိရာ ကနေဒါနိုင်ငံသို့ရောက်ရှိလျက်ရှိသည်။

တနင်္လာနေ့တွင် ပြုလုပ်မည့် တော်ဝင်မိသားစုအစည်းအဝေးသည် မင်းသားဟယ်ရီနှင့်ကြင်ယာတော်တို့က ဘဏ္ဍာရေးအရ လွတ်လပ်မှုရရှိရေးအတွက် ၎င်းတို့၏အရိုက်အရာများကို စွန့်လွှတ်သွားမည်ဟု ကြေညာပြီးနောက် တော်ဝင်မိသားစု၏ အဓိကပုဂ္ဂိုလ်များကြား ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှု ဖြစ်လာမည်ဖြစ်သည်။

မင်းသားဟယ်ရီတို့ဇနီးမောင်နှံသည် တော်ဝင်မိသားစုအကြီးအကဲများကို မတိုင်ပင်ဘဲ အရိုက်အရာစွန့်လွှတ်မည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ထိုသို့ကြေညာမှုအပေါ် တော်ဝင်မိသားစုဝင်များက စိတ်ထိခိုက်လျက်ရှိသည်။

ဘဏ္ဍာရေးအရလွတ်လပ်မှု ရရှိလို၍ အရိုက်အရာကို စွန့်လွှတ်လိုခြင်းဖြစ်ကြောင်း မင်းသားဟယ်ရီတို့က ကြေညာထားရာ ၎င်းတို့အနေနှင့် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်နည်း ဆိုသည်ကိုလည်း လူထုက သိလိုစိတ်ပြင်းပြလျက်ရှိသည်။

မင်းသားဟယ်ရီတို့ဇနီးမောင်နှံအနေဖြင့် ၎င်းတို့၏ဆန္ဒအတိုင်း အရိုက်အရာစွန့်လွှတ်ကြောင်း ကြေညာခဲ့သော်လည်း ဆွေးနွေးညှိနှိုင်းလုပ်ဆောင်ရန် ကိစ္စများစွာရှိနေသေးရာ ဆုံးဖြတ်ထားသည့်အတိုင်း အကောင်အထည်ဖော်ရန်မှာ အချိန်တစ်ခု ကြာမြင့်လိမ့်ဦးမည်ဖြစ်သည်။

မီဒီယာများတွင်ဖော်ပြမှုများအရ မီဂန်သည် မင်းသားဟယ်ရီနှင့်လက်မထပ်မီတွင် အမေရိကန်ဒေါ်လာ ၅ သန်းခန့် ချမ်းသာကြွယ်ဝကြောင်းသိရပြီး မင်းသားဟယ်ရီမှာမူ မိခင်ဖြစ်သူ ဒိုင်ယာနာမင်းသမီးထံမှ သန်းနှင့်ချီ၍ အမွေရရှိထား သူဖြစ်သည်။

ထို့ပြင် ၎င်းတို့ဇနီးမောင်နှံသည် ပုံရိပ်အသုံးပြုမှု၊ ဟောပြောပွဲများနှင့် အခြားလုပ်ငန်းများမှနေပြီးရရှိသည့် ဝင်ငွေများလည်းရှိရာ တော်ဝင်ထီးနန်းအရိုက်အရာစွန့်လွှတ်လိုက်ပြီး မိမိဘာသာရပ်တည်သည့်တိုင် ငွေကြေးအတွက်ပူပန်စရာ လိုဖွယ်မရှိပေ။

ဗီဒီယိုများ