နျူကလီးယားပဲ့ထိန်းဒုံးကျည်နှစ်စင်း မြောက်ကိုရီးယား ရေငုပ်သင်္ဘောပေါ်မှ စမ်းသပ်ပစ်ခတ်

မြောက်ကိုရီးယားသည် မတ်လ ၁၂ ရက်နေ့တွင် ရေငုပ်သင်္ဘောတစ်စီးပေါ်မှနေ၍ ဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ပြောကြားလိုက်သည်။

By Admin 13 Mar 2023

မတ်လ ၁၂ ရက်နေ့က ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုနှင့် ပတ်သက်၍ KCNA သတင်းဌာနက ဖော်ပြခဲ့မှုကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ - KCNA
မတ်လ ၁၂ ရက်နေ့က ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုနှင့် ပတ်သက်၍ KCNA သတင်းဌာနက ဖော်ပြခဲ့မှုကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ - KCNA

မြောက်ကိုရီးယားသည် မတ်လ ၁၂ ရက်နေ့တွင် ရေငုပ်သင်္ဘောတစ်စီးပေါ်မှနေ၍ ဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ပြောကြားလိုက်သည်။ အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်သည့် မတ်လ ၁၃ ရက် တနင်္လာနေ့တွင် KCNA က ယခုကဲ့သို့ သတင်းထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

‘ဗျူဟာမြောက်’ ဆိုသည့်အသုံးသည် များသောအားဖြင့် နျူကလီးယား လက်နက်တပ်ဆင် ပစ်ခတ်နိုင်သည့် လက်နက်များကို ဖော်ပြရာ၌ တွဲဖက်အသုံးပြုသည့် စကားလုံး ဖြစ်သည်။

လက်နက်စနစ်အပေါ် ယုံကြည်ကိုးစားနိုင်စွမ်းကို ယခုပစ်ခတ်မှုက အတည်ပြုခဲ့ပြီး ရေငုပ်သင်္ဘောများ၏ ရေအောက်ထိုးစစ် စစ်ဆင်ရေးကိုလည်း စမ်းသပ်ခဲ့ခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယားက ပြောကြားသည်။ ယခုပစ်ခတ်ခဲ့သော ဒုံးကျည်များသည် ပင်လယ်ပြင်ရှိ ပစ်မှတ်ကို မထိမှန်မီ ကီလိုမီတာ ၁၅၀၀ ခန့် အကွာအဝေးအထိ သွားရောက်ခဲ့သည်ဟု KCNA သတင်းတွင် ဖော်ပြထားသည်။

ဒုံးကျည်နှစ်စင်းကို ကိုရီးယားကျွန်းဆွယ် အရှေ့ပိုင်းကမ်းလွန်ရှိ 8.24 Yongung ရေငုပ်သင်္ဘောပေါ်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KCNA ၏ ဖော်ပြချက်အရ သိရသည်။

တောင်ကိုရီးယားနှင့် အမေရိကန် တပ်ဖွဲ့ဝင်များသည် ယနေ့ တနင်္လာနေ့တွင် နှစ်ဘက်တပ်များ ပူးတွဲ စစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို စတင်လိုက်ပြီ ဖြစ်သည်။ “လွတ်လပ်ရေးဒိုင်းကာ ၂၃” ဟု အမည်ပေးထားသည့်  အဆိုပါလေ့ကျင့်မှုသည် ၁၁ ရက် ကြာမြင့်မည် ဖြစ်သည်။

“DPRK တပ်မတော်ကို စစ်ရေးကစားမှု လုပ်ရပ်များအား နယ်ချဲ့အမေရိကန်များနှင့် တောင်ကိုရီးယား ရုပ်သေးတပ်ဖွဲ့များက ပိုမို၍ဗြောင်ကျကျ လုပ်ဆောင်လာကြသည့်” အခြေအနေကို ထိန်းချုပ်ရန် မြောက်ကိုရီးယားဘက်က သန္နိဋ္ဌာန်ချထားမှုကို ဖော်ပြရန်ရည်ရွယ်ပြီး ယခုကဲ့သို့ ပစ်ခတ်ခဲ့ခြင်းဟု KCNA က ဖော်ပြသည်။ 

ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် တောင်ကိုရီးယား ထောက်လှမ်းရေးဌာနနှင့် အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စစ်တပ်ကိုလည်း သတိပေးတပ်လှန့်ထားကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောကြားသည်။

ဗီဒီယိုများ