နယူးဇီလန် ကျွန်းဖြူမီးတောင်ပေါက်ကွဲမှု သေဆုံးသူ ၈ ဦးအထိရှိနေပြီး ထပ်မံမြင့်တက်ဖွယ်ရှိနေ

နယူးဇီလန်နိုင်ငံ၊ ကျွန်းဖြူပေါ်ရှိ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၈ ဦးအထိရှိသွားပြီဖြစ်ပြီး ဆက်လက်မြင့်တက်ဖွယ်ရှိနေသေးကြောင်း BBC သတင်းတစ်ရပ်တွင်...

By Foreign Desk 13 Dec 2019

မီးတောင်ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ကျွန်းပေါ်၌လာရောက် လည်ပတ်သူ အနည်းဆုံး ၄၇ ဦးခန့်ရှိနေခဲ့သည်။ (ဓာတ်ပုံ - Michael Schade / Twitter)

နယူးဇီလန်နိုင်ငံ၊ ကျွန်းဖြူပေါ်ရှိ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၈ ဦးအထိရှိသွားပြီဖြစ်ပြီး ဆက်လက်မြင့်တက်ဖွယ်ရှိနေသေးကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လက်ရှိအချိန် လူ ၉ ဦးခန့်မှာ ပျောက်ဆုံးနေဆဲဖြစ်ကာ သေဆုံးပြီဟုယူဆရပြီး၊ အယောက် ၂၀ ခန့်မှာလည်း ပြင်းထန်သည့် လောင်ကျွမ်းဒဏ်ရာများရရှိထားကာ အထူးစောင့်ရှောက်ကုသမှု ခံယူနေရသည်။

လက်တလောတွင် မြေငလျင်လှုပ်ခတ်မှုမြင့်တက်လာကာ မီးတောင်ထပ်မံပေါက်ကွဲမှု ဖြစ်ပေါ်နိုင်ခြေရှိနေသဖြင့် ရုပ်အလောင်းများကို ပြန်လည်ရယူရန်ကြိုးပမ်းမှုများကို ရပ်တန့်ထားရသော်လည်း မကြာမီပြန်လည်စတင်သွားမည်ဟု နယူးဇီလန်အာဏာပိုင်များက ပြောကြားထားသည်။

ဝါခါအာရီဟု အမည်ရသော မီးတောင်သည် ယခုတစ်ပတ် တနင်္လာနေ့ (ဒီဇင်ဘာ ၉ ရက်)က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိုသို့ပေါက်ကွဲချိန်တွင် ကျွန်းပေါ်၌ ကမ္ဘာ့လှည့်ခရီးသွား ဆယ်ဂဏန်းခန့်ရှိနေခဲ့သည်။

မီးတောင်ပေါက်ကွဲမှုအတွင်း သြစတြေးလျမှ ဆယ်ကျော်သက်အရွယ် ညီအစ်ကိုနှစ်ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားပြီး လက်ရှိအချိန်ထိ ပျောက်ဆုံးနေပြီး သေဆုံးပြီဟုယူဆရသော နောက်ထပ် သြစတြေးလျ လူမျိုး အတော်များများရှိနေကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင် ကပြောကြားသည်။

နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်း ကမူ " ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူအများအပြားနဲ့ ကျွန်တော်စကားပြောပြီးပါပြီ။ သူတို့တွေက ပြည်သူတွေရဲ့ ချစ်ခင်ရသူတွေကို ပြန်လည်ခေါ်ဆောင်ပေးလာနိုင်ဖို့ အရမ်းအရမ်းကို စိတ်အားထက်သန်နေပါတယ်" ဟု သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

ယခုမီးတောင်ပေါက်ကွဲမှုဖြစ်ပွားသော ကျွန်းဖြူသည် ကမ္ဘာလှည့်ခရီးသွားများကြား ရေပန်းစားပြီး မကြာခဏ လာရောက်လည်ပတ်ကြလေ့ရှိသည့် နေရာတစ်နေရာဖြစ်သည်။ မီးတောင်ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ကျွန်းပေါ်၌လာရောက် လည်ပတ်သူ အနည်းဆုံး ၄၇ ဦးခန့်ရှိနေခဲ့သည်။

မီးတောင်ပေါက်ကွဲမှုမှ အသက်ရှင်လွတ်မြောက်လာသူများ ရရှိထားသည့် လောင်ကျွမ်းဒဏ်ရာများမှာ ပြင်းထန်ပြီး ၎င်းတို့ထဲမှ အချို့မှာ ၎င်းတို့ မည်သူ၊မည်ဝါဆိုသည်ကို ပြောပြနိုင်သည့် အခြေအနေတွင် မရှိကြောင်း အာဏာပိုင်များက ပြောကြားထားသည်။

လောင်ကျွမ်းဒဏ်ရာရရှိသူများထဲမှ အချို့မှာ အရေပြားအစားထိုးကုသရန် လိုအပ်လျက်ရှိပြီး အရေပြားအလှူရှင်များ လိုအပ်လျက်လည်းရှိသည်။ အစားထိုးရန်အတွက်လိုအပ်သော အရေပြားများကို နှလုံး၊ကျောက်ကပ်တို့ကဲ့သို့ပင် သေဆုံးပြီးနောက် ရုပ်ခန္ဓာကိုလှူဒါန်းခဲ့သည့် အလှူရှင်များထံမှသာ ရရှိနိုင်မည်ဖြစ်သည်။

အချို့သောလူနာများကိုမူ သြစတြေးလျသို့ လွှဲပြောင်းပေးပြီး ကုသမှုခံယူစေလျက်ရှိသည်။

ဗီဒီယိုများ