ပီရူးမှာ ရေနံဆီများပေကျံနေသည့် ပီရူးပင်လယ်ငှက်များကို အထူးဂရုစိုက် ကုသပေးနေ

ရေနံဆီယိုဖိတ်မှုကြီးတစ်ခုကြောင့် မျိုးစိတ်တူအကောင်ပေါင်းများစွာကို ဆုံးရှုံးခဲ့ကြရသော ပင်ဂွင်များနှင့် ပင်လယ်ငှက်များအား ငါးကိုအစာအဖြစ် လက်ဖြင့်ကျွေးပေးခြင်းနှင့် အသေးစိတ်စနစ်တကျ ညင်သာစွာ ရေချိုးပေးခြင်းတို့ကြောင့် ယခုအခါ ပီရူး တိရိစ္ဆာန်ရုံတစ်ခု၌ ဖြည်းညင်းစွာ ပြန်လည်ကျန်းမာစပြုလာနေပြီ ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

10 Feb 2022

ဓာတ်ပုံ - AFP

DMG ၊ ဖေဖော်ဝါရီ ၁၀

ရေနံဆီယိုဖိတ်မှုကြီးတစ်ခုကြောင့် မျိုးစိတ်တူအကောင်ပေါင်းများစွာကို ဆုံးရှုံးခဲ့ကြရသော ပင်ဂွင်များနှင့် ပင်လယ်ငှက်များအား ငါးကိုအစာအဖြစ် လက်ဖြင့်ကျွေးပေးခြင်းနှင့် အသေးစိတ်စနစ်တကျ ညင်သာစွာ ရေချိုးပေးခြင်းတို့ကြောင့် ယခုအခါ ပီရူး တိရိစ္ဆာန်ရုံတစ်ခု၌ ဖြည်းညင်းစွာ ပြန်လည်ကျန်းမာစပြုလာနေပြီ ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့နောက်ပိုင်း ရေနံဆီပေပါပေါင်း ၁၂၀၀၀ ခန့်ယိုဖိတ်မှုကြောင့် ရေနံဆီများပေကျံနေသည့် ပင်လယ်ငှက် ၁၅၀ ခန့်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ထက်ဝက်မှာ သေဆုံးခဲ့သည်။

အသက်ရှင်လျက်ကျန်ရှိခဲ့ကြသော ပင်ဂွင်များ၊ တင်ကျီးငှက်များနှင့် ငှက်ကြီးဝန်ပိုငှက်များကို လီမာမြို့ရှိ ပါကွေးဒီလက်စ်လီယန်ဒက်စ် တိရိစ္ဆာန်ရုံတွင် ပြန်လည်ကျန်းမာလာစေရန်နှင့် အမှီအခိုကင်းမဲ့စွာ နေထိုင်နိုင်စေရန်အတွက် ပြုစုစောင့်ရှောက်ပေးလျက်ရှိသည်။

အတောင်ပံများတွင် ရေနံဆီများပေကျံနေသောကြောင့် ငှက်များသည် ပျံသန်းခြင်းနှင့် အစာရှာခြင်းတို့ကို ပြုလုပ်နိုင်ခြင်းမရှိသည့်အပြင် ၎င်းတို့ကို နွေးထွေးနေစေသည့် အကာအကွယ်ကိုလည်း ဆုံးရှုံးခဲ့ကြရသည်။

သဘာဝတွင်းထွက် ရေနံစိမ်းများ တိုက်ရိုက်ပေကျံခြင်းမခံရသော ငှက်များပင် ရေနံစိမ်းပေကျံနေသည့် ငါးများကို စားသုံးမိပြီးနောက် နေမကောင်းဖြစ်ခြင်း သို့မဟုတ် သေဆုံးသည်အထိ ဖြစ်ကြရသည်။
တိရိစ္ဆာန်ရုံ၌ ကယ်တင်ထားသော ငှက်များအတွက် ငါးကို အစာအဖြစ်ကျွေး၍ ပင်ဂွင်များအတွက် ၎င်းတို့နှစ်သက်သောသားကောင်၏ မိုးခိုသားနှင့် ငါးပါးနီများကို ကျွေးသည်။

၎င်းတို့အား အထူးရေဓာတ်ဖြည့်တင်းပေးသည့် ဆေးရည်ကို ပြွန်တစ်ခုမှတဆင့် တိုက်ကျွေးပေးခြင်း၊ ရေချိုးပေးခြင်းနှင့် ရေသုတ်ပဝါဖြင့် ခြောက်သွေ့အောင် ရေသုတ်ပေးခြင်းတို့ကို ပြုလုပ်ပေးသည်။
“သူတို့ထဲမှာ အများစုက အင်မတန်ဆိုးဝါးတဲ့ အခြေအနေမှာ ရောက်လာတာမို့ ကျွန်မတို့အတွက် ကိုင်တွယ်ဖို့ အရမ်းခက်ခဲတယ်” ဟု တိရိစ္ဆာန်ရုံရှိ ကယ်ဆယ်သူတစ်ဦးဖြစ်သော ဂျီယိုဗန်နာ ရီပီဇ်က ပြောကြားသည်။

“တိရိစ္ဆာန်လေးတွေ ဆိုးဆိုးဝါးဝါးပေကျံနေပြီး တော်တော်လေး အဆင်မပြေဖြစ်နေကြတယ်။ အလွန်အမင်းစိတ်ပူပန်စရာဖြစ်ခဲ့တယ်။ ဒါက အရမ်းခက်တဲ့ အလုပ်တစ်ခုပါ” ဟုသူမကဆက်ပြောသည်။

သို့သော် ရက်သတ္တပတ် ၂ ပတ်ကြာ အထူးကြပ်မတ်ကုသမှုအပြီးတွင် ပင်ကွင်းများသည် “အစာစားသုံးမှု အနည်းဆုံး ၃ ဆထိတက်လာသည်” ဟုလည်း သူမကပြောကြားသည်။

“ပင်ကွင်းတွေက လမ်းကြောင်းမှန်ပေါ်ကို ရောက်နေပြီလို့ ကျွန်မယုံကြည်ပါတယ်။ သူတို့က သန့်ရှင်းနေပြီးတော့ သူတို့နေရာကိုပြန်ဖို့အတွက် သူတို့ရဲ့အမွှေးတွေထဲကို အရည်မစိမ့်ဝင်နိုင်တော့တဲ့ အခြေအနေကို စောင့်နေကြတာပါ” ဟုထပ်မံပြောကြားခဲ့သည်။

အမွှေးများသည် သန့်ရှင်းသည်ဟု ထင်ရသော်လည်း နှုတ်သီးအတွင်း အနည်းငယ်မျှသော ရေနံစိမ်းအကြွင်းအကျန်ကပင် အဆိုပါငှက်အား အစာခြေလမ်းကြောင်းကတဆင့် အသည်းဆီသို့ သက်ရောက်မှုရှိစေနိုင်သည့်အတွက် စိတ်ရှည်မှုနှင့် စေ့စပ်သေချာမှုရှိဖို့လိုအပ်သည်ဟု တိရိစ္ဆာန်ဆရာဝန် ဂျီယန်ကာလို အင်ဂါဒိုက်ဇ်က ဖြည့်စွက်ပြောကြားသည်။
ပီရူးနိုင်ငံကမ်းလွန်ရှိ ရေနံချက်စက်ရုံတစ်ခုတွင် အီတလီအလံတင် သင်္ဘောတစ်စီးက ရေနံများရွှေ့ပြောင်းပေးနေချိန်တွင် ဖြစ်ပွားခဲ့သော အဆိုပါဆီယိုဖိတ်မှုဖြစ်စဉ်ကို ပီရူးအစိုးရက "ဂေဟဗေဒဆိုင်ရာ ဘေးအန္တရာယ်" ဟုဖော်ပြခဲ့သည်။

ကီလိုမီတာထောင်ပေါင်းများစွာအကွာ တန်ဂါအနီး ကြီးမားသောမီးတောင်ပေါက်ကွဲပြီးနောက် ဖြစ်ပေါ်လာသော ဆူနာမီလှိင်းလုံးကြီးများက ရေနံတင်သင်္ဘောကို ရိုက်ခတ်သွားခဲ့သည်ဟု စပိန်ရေနံကုမ္ပဏီ ရပ်ဆောက ပြောကြားခဲ့သည်။
ရေနံချက်စက်ရုံ၏ မြောက်ဘက် ကီလိုမီတာ ၁၄၀ (၈၇ မိုင်) အကွာတွင် ယိုဖိတ်ထားသည့်ရေနံပြင်မှာ သမုဒ္ဒရာရေစီးကြောင်းဖြင့် ဆွဲငင်ခံခဲ့ရပြီး မရေမတွက်နိုင်သော ငါးများနှင့် ငှက်များကို သေဆုံးစေ၍ ခရီးသွားကမ်းခြေများကို ညစ်ညမ်းစေကာ တံငါသည်များ၏ စား

ဝတ်နေရေးအခွင့်အလမ်းကို ဆုံးရှုံးသွားစေကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးသမဂ္ဂက “အားနည်းပြီး ထိလွယ်ရှလွယ်ရှိသော” မျိုးစိတ်တစ်ခုအဖြစ် သတ်မှတ်ထားသော ဟမ်းဘော့ပင်ဂွင်းမျိုးစိတ် မျိုးစိတ်သည် အန္တာတိကမှ မြောက်ဘက်သို့ စီးဝင်သော ဟမ်းဘော့ရေစီးကြောင်း၏ အေးပြီး အစာရေစာ ပေါများသော ရေပြင်တွင် ကျက်စား၍ ပီရူးနှင့် ချီလီကမ်းရိုးတန်းတစ်လျှောက် တစ်စုတစ်စည်းတည်း နေထိုင်ကြသည်။

ပီရူးတွင် မပျံသန်းနိုင်သော အဖြူအမည်းငှက် ၉၀၀၀ ခန့်ရှိသည်။ ၎င်းတို့သည် ၅၀ စင်တီမီတာခန့်မြင့်သည်။
ပီရူးအစိုးရသည် စပိန်ရေနံကုမ္ပဏီ ရပ်ဆောအား ၎င်း၏ စက်ရုံတွင် ရေနံယိုဖိတ်မှုအတွက် လျော်ကြေးပေးရန် တောင်းဆိုထားသည်။

ဗီဒီယိုများ