- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
လွှတ်တော်ဖျက်သိမ်းရန်ကြိုးပမ်းသည့် ပီရူးသမ္မတကို ဖြုတ်ချပြီး သမ္မတသစ် ချက်ချင်းခန့်အပ်
ပီရူးနိုင်ငံတွင် လွှတ်တော်ကိုဖျက်သိမ်းပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ရန်ကြိုးပမ်းခဲ့သည့် သမ္မတ ပီဒရိုကာစတီလိုအား လွှတ်တော်အမတ်များက ရာထူးမှဖြုတ်ချကာ သမ္မတသစ်တစ်ဦး အစားထိုးခန့်အပ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
09 Dec 2022

အသစ်ခန့်အပ်လိုက်သော သမ္မတ ဒီနာဘိုလာတဲ။ ဓာတ်ပုံ - Reuters
DMG | ဒီဇင်ဘာ ၉
ပီရူးနိုင်ငံတွင် လွှတ်တော်ကိုဖျက်သိမ်းပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ရန်ကြိုးပမ်းခဲ့သည့် သမ္မတ ပီဒရိုကာစတီလိုအား လွှတ်တော်အမတ်များက ရာထူးမှဖြုတ်ချကာ သမ္မတသစ်တစ်ဦး အစားထိုးခန့်အပ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လက်ဝဲယိမ်းတစ်ဦးဖြစ်သူ သမ္မတကာစတီလိုသည် တစ်နိုင်ငံလုံးသို့ ရုပ်သံမှ မိန့်ခွန်းပြောကြားရာတွင် အတိုက်အခံများ ကြီးစိုးနေသည့် လွှတ်တော်ကို ဖျက်သိမ်းပြီး အရေးပေါ်အခြေအနေ ကြေညာကာ အုပ်ချုပ်မည်ဟု ပြောကြားခဲ့သည်။
သမ္မတမိန့်ခွန်း ထုတ်လွှင့်ခဲ့ပြီးနောက် ဝေဖန်မှုများ အများအပြား ထွက်ပေါ်လာခဲ့ပြီး လွှတ်တော်အမတ်များစုဝေးကာ သမ္မတအား စွဲချက်တင်ရန် မဲခွဲပြီးနောက် ၁၃၀ တွင် ၁၀၁ မဲထောက်ခံမှုဖြင့် အတည်ပြုခဲ့သည်။
သမ္မတကာစတီလိုကို ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း အစိုးရအကျင့်ပျက် ခြစားမှုများကို ကိုင်တွယ်ဖြေရှင်းသည့် ရှေ့နေများအဖွဲ့မှ ညှိနှိုင်းရေးမှူးတစ်ဦးဖြစ်သူ မာရီတာဘာရက်တိုက ပြောကြားသည်။
ကာစတီလိုအား ပုန်ကန်မှုဖြင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရှေ့နေချုပ်ရုံးမှ သတင်းရင်းမြစ်တစ်ခုက အေအက်ဖ်ပီသတင်းဌာနကို ဖြေကြားထားသည်။
သမ္မတကာစတီလိုကို ဖြုတ်ချပြီး နှစ်နာရီအတွင်း အမျိုးသမီးရှေ့နေ ဒီနာဘိုလာတဲ (Dina Boluarte) သည် သမ္မတသစ်အဖြစ် လွှတ်တော်ရှေ့မှောက်တွင် ကျမ်းကျိန်ခဲ့သည်။ သူမသည် ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ ရှိနေသည့် ကာစတီလို၏ လက်ကျန်သမ္မတသက်တမ်းကို ထမ်းဆောင်သွားမည်ဖြစ်သည်။
ပီရူးသည် နိုင်ငံရေးမတည်ငြိမ်မှု အထူးများပြားသည့်နိုင်ငံ ဖြစ်သည်။ ၂၀၂၀ ခုနှစ်က ပီရူးတွင် ငါးရက်အတွင် သမ္မတသုံးဦးအထိ အပြောင်းအလဲ ရှိခဲ့သည်။ ယခုအသစ်ခန့်လိုက်သော သမ္မတသည်လည်း ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် ခြောက်ဦးမြောက်ဖြစ်သည်။