သတင်းသမားတစ်ဦး အသတ်ခံရမှုနောက်ပိုင်း မိမိတို့ကို အကာအကွယ်ပေးရန် ဖိလစ်ပိုင်မီဒီယာအဖွဲ့များ တောင်းဆို

ဖိလစ်ပိုင် သတင်းထောက်တစ်ဦး မြို့တော်အတွင်း ကားမောင်းရင်း ပစ်သတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး ၎င်း၏ လုပ်ကြံသတ်ဖြတ်ခံရမှုသည် သတင်းလွတ်လပ်ခွင့်အတွက် ထိုးနှက်ချက်တစ်ခုဟု ဖော်ပြခဲ့ကြသော မီဒီယာအဖွဲ့များနှင့် တက်ကြွလှုပ်ရှားသူများက ထိုအဖြစ်အပျက်ကို ရှုတ်ချခဲ့ကြသည်။

06 Oct 2022

မနီလာမြို့ ဆင်ခြေဖုံး လက်စ်ပိနက်စ်ရှိ သတင်းထောက် ပါစီဗယ်မာဘာဆာ ဆုံးရှုံးလိုက်ရခြင်းအတွက် ၎င်းတို့၏ နေအိမ်တွင် မိသားစုဝင်များက ဝမ်းနည်းကြေကွဲနေကြသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

DMG ၊ အောက်တိုဘာ ၆

ဖိလစ်ပိုင် သတင်းထောက်တစ်ဦး မြို့တော်အတွင်း ကားမောင်းရင်း ပစ်သတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး ၎င်း၏ လုပ်ကြံသတ်ဖြတ်ခံရမှုသည် သတင်းလွတ်လပ်ခွင့်အတွက် ထိုးနှက်ချက်တစ်ခုဟု ဖော်ပြခဲ့ကြသော မီဒီယာအဖွဲ့များနှင့် တက်ကြွလှုပ်ရှားသူများက ထိုအဖြစ်အပျက်ကို ရှုတ်ချခဲ့ကြသည်။

အသက် ၆၃ နှစ်အရွယ် ရေဒီယိုသတင်းထောက် ပါစီဗယ်မာဘာဆာသည် တနင်္လာနေ့ညက မနီလာမြို့ လက်စ်ပိနက်စ် ဧရိယာရှိ လူနေအိမ်ဝင်းတစ်ခု၏ ဂိတ်ပေါက်တွင် တိုက်ခိုက်သူနှစ်ဦးထံတွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

“မနီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်က ကျူးလွန်သူတွေ ဘယ်လောက် မျက်နှာပြောင်သလဲ၊  သတင်းထောက်တွေနဲ့ သာမန်ပြည်သူတွေကို ထိခိုက်မှုကနေ အကာအကွယ်ပေးတဲ့နေရာမှာ အာဏာပိုင်တွေက ဘယ်လောက်တောင် အားနည်းနေလဲဆိုတာကို ဖော်ပြနေပါတယ်”ဟု ဖိလစ်ပိုင် အမျိုးသားသတင်းထောက်များသမဂ္ဂက ပြောကြားသည်။

အမျိုးသားရဲတပ်ဖွဲ့က အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ တရားမျှတမှုရရှိစေရန် ကတိပြုခဲ့သည်။ အစိုးရကမူ လတ်တလောတွင် မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပေ။

ပြီးခဲ့သည့်လကလည်း ဖိလစ်ပိုင်အလယ်ပိုင်းတွင် ရေဒီယိုသတင်းထောက် ရေးဘလန်ကိုသည် ဓားဖြင့်ထိုးသတ်ခံခဲ့ရသည်။

ဖိလစ်ပိုင်နိုင်ငံသည် အာရှ၏ လွတ်လပ်မှုအရှိဆုံး မီဒီယာပတ်ဝန်းကျင်များထဲမှ တစ်ခုဖြစ်သော်လည်း ကမ္ဘာပေါ်တွင် သတင်းသမားများအတွက် အန္တရာယ်အရှိဆုံးနေရာများထဲမှ တစ်ခုအဖြစ် ကျန်နေဆဲဖြစ်သည်။

ဖိလစ်ပိုင်တွင် လွန်ခဲ့သည့် ၃၅ နှစ်အတွင်း သတင်းထောက် အနည်းဆုံး ၁၈၇ ဦး အသတ်ခံခဲ့ရကြောင်း နယ်စည်းမခြား နိုင်ငံတကာစောင့်ကြည့်ရေး သတင်းထောက်များအဖွဲ့၏ အဆိုအရ သိရှိရပြီး ၂ဝဝ၉ ခုနှစ်က ဖြစ်ရပ်တစ်ခုတည်းတွင် ၃၂ ဦး အသတ်ခံခဲ့ရသည့် အဖြစ်အပျက်လည်းပါဝင်သည်ဟု သိရသည်။

ဗီဒီယိုများ