ထွက်ပြေးသွားသည့် သမ္မတဟောင်းရာဂျာပါဆာ သီရိလင်္ကာသို့ ပြန်လာမည်

သီရိလင်္ကာသမ္မတဟောင်း ဂေါတဘယရာဂျာပါဆာသည် သီရိလင်္ကာသို့ ပြန်လာရန် ပြင်ဆင်နေကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 02 Sep 2022

ထိုင်းနိုင်ငံ ဒုံမောင်းလေဆိပ်သို့ ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ရောက်ရှိလာသည့် သမ္မတဟောင်း ဂေါတဘယရာဂျာပါဆာအား တွေ့ရစဉ်။ ဓာတ်ပုံ - AFP

DMG ၊ စက်တင်ဘာ ၂

သီရိလင်္ကာသမ္မတဟောင်း ဂေါတဘယရာဂျာပါဆာသည် သီရိလင်္ကာသို့ ပြန်လာရန် ပြင်ဆင်နေကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဇူလိုင်လတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံမှ တိမ်းရှောင်သွားသည့် သမ္မတဟောင်းသည် သောကြာနေ့ကို အစောဆုံးထား၍ ရောက်နိုင်ခြေရှိနေကြောင်း နီးစပ်သူများ၏ ပြောကြားချက်များကို ကိုးကားပြီး ဘလွန်းဘက်သတင်းတွင် ဖော်ပြသည်။

ရာဂျာပါဆာသည် သီရိလင်္ကာနိုင်ငံကို အဆိုးဆုံးစီးပွားရေးအကျပ်အတည်း ဖြစ်စေခဲ့သည့် မူဝါဒအလွဲများနှင့် ပတ်သက်၍ ပြစ်တင်ခံခဲ့ရသလို ပြည်သူများ၏ ဆန့်ကျင်ဆန္ဒပြမှုများကိုလည်း ရင်ဆိုင်ခဲ့ရသည်။

ရာဂျာပါဆာ ယခုကဲ့သို့ နိုင်ငံသို့ ပြန်ဝင်လာနိုင်ခြင်းသည် သမ္မတသစ် ရာနီဝစ်ကာမင်ဆင်းအနေဖြင့် တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်သည်ဟု ယုံကြည်ထားခြင်းကို ပြသရာလည်း ရောက်နေသည်။

သမ္မတဟောင်းသည် ကိုလမ်ဘိုတွင် အစိုးရကချပေးသည့် နေအိမ်တစ်လုံး၌ နေထိုင်မည်ဟု ယူဆရကြောင်း ဖြစ်စဉ်နှင့် နီးစပ်သည့် အမည်မဖော်လိုသူများ၏ ပြောကြားချက်များအရ သိရသည်။

ကိုလမ်ဘိုတွင် စိတ်ဆိုးဒေါသထွက်နေကြသော ဆန္ဒပြသူများက သမ္မတနေအိမ်ကို ဝင်ရောက်စီးနင်းပြီးနောက် ရာဂျာပါဆာသည် နိုင်ငံမှ ထွက်ပြေးကာ မော်လဒိုက်သို့ ရောက်ရှိခဲ့သည်။

ထိုမှတစ်ဆင့် ဇူလိုင်လတွင် စင်္ကာပူသို့ သွားရောက်နေထိုင်ခဲ့သည်။ စင်္ကာပူသို့ ရောက်ရှိစဉ် ဇူလိုင်လ ၁၄ ရက်နေ့တွင် သီရိလင်္ကာသမ္မတအဖြစ်မှ တရားဝင်နုတ်ထွက်ခဲ့သည်။ ရာဂျာပါဆာသည် လက်ရှိတွင် ထိုင်းနိုင်ငံ၌ ယာယီနေထိုင်နေခြင်း ဖြစ်သည်။

ဗီဒီယိုများ